အာဖဂန်ရွေးကောက်ပွဲကျင်းပပြီးစီး

Staffan de Mistura
Image caption အထူးကိုယ်စားလှယ် Staffan de Mistura

အကြမ်းဖက် တိုက်ခိုက်မှု တွေကြောင့် လူပေါင်း ၁၄ ဦးသေဆုံး ခဲ့ရပေမယ့် အာဖဂန်နစ္စတန်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲပေးခဲ့ကြတဲ့ အာဖဂန် ပြည်သူတွေကို ကုလသမဂ္ဂနဲ့ နေတိုးတပ်ဖွဲ့ တွေက ချီးကြူး ခဲ့ကြပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလဲ တာလီဘန်ရဲ့ ခြိမ်းခြောက်မှုတွေ ကြားက မဲပေးခဲ့ကြတဲ့ အာဖဂန် ပြည်သူတွေရဲ့ သတ္တိကို ချီးမွှမ်းလိုက်ပါတယ်။

ဒီအာဖဂန်နစ္စတန်မှာ ကျင်းပခဲ့ကြတဲ့ ပါလီမန် ရွေးကောက်ပွဲ တွေ ပြီးသွားပြီ ဖြစ်ပေမယ့် ဒီအတွက် အောင်မြင်မှု တခုလား ဆိုတာကို ပြောဖို့ရာ စောသေးတယ်လို့ အာဖဂန်မှာရှိတဲ့ ကုလသမဂ္ဂ ရဲ့ အထူး ကိုယ်စားလှယ် Staffan de Mistura ကပြောပါတယ်။ ဆက်လက်ပြီး မဲမသမာမှုတွေ ရှိလာနိုင်တဲ့ စိုးရိမ်မှုတွေ၊ ခြိမ်းခြောက်မှုတွေ ကြားက မဲပေးခဲ့ကြတဲ့ သန်းပေါင်းများစွာကို ချီးကြူးသင့်တယ်လို့ ဆိုပါတယ်။

ခြိမ်းခြောက်မှုတွေ၊ ဒုံးလက်နက်တွေနဲ့ တိုက်ခိုက်နိုင်တဲ့ အန္တရာယ်တွေ နဲ့ မဲမသမာ မှုတွေ ရှိနိုင်တယ် ဆိုတာတွေကို ပဓာဏ မထားဘဲ မဲပေးခဲ့ကြတဲ့ ပြည်သူ သန်းပေါင်းများစွာ ကို ဂုဏ်ပြုလိုက်ပါတယ် လို့ ပြောသွားတာ ဖြစ်ပါတယ်။

အာဖဂန် မှာရှိတဲ့ နိုင်ငံတကာ တပ်တွေရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး David Petraeus က ဒါကိုကြည့်ခြင်းအားဖြင့် အာဖဂန် ရဲ့ အနာဂတ်ဟာ အစွန်းရောက်တွေရဲ့ လက်ထဲမှာ မရှိဘဲ အာဖဂန် ပြည်သူတွေရဲ့ လက်ထဲမှာသာ ရှိတယ်လို့ ပြောပါတယ်။ အခု ရွေးကောက်ပွဲမှာ မဲပေးသူ အားလုံး ၄၀ ရာခိုင်နှုန်းလောက်ရှိတယ်လို့ လဲဆိုပါတယ်။