ထိုင်းရှပ်နီဝတ်တွေ အာဏာသိမ်း နှစ်ပတ်လည်နေ့ ကျင်းပ

Image caption အာဏာပိုင်တွေကတော့ လုံခြုံရေးကို တိုးချထားပါတယ်

ထိုင်းနိုင်ငံမှာတော့ ထောင်နဲ့ချီတဲ့ အစိုးရ ဆန့်ကျင်ဆန္ဒပြသူတွေဟာ အရေးပေါ် အခြေအနေ အမိန့်ကို အံတုပြီး မြို့တော် ဘန်ကောက်မှာ စုရုံး ဆန္ဒပြခဲ့ကြပါတယ်။

နှစ်လကြာခဲ့တဲ့ ရှပ်နီဝတ်ဆန္ဒပြပွဲတွေကို ပြီးခဲ့တဲ့ ၄ လက စစ်တပ်က အကြမ်းဖက် နှိမ်းနှင်းခဲ့ပြီး နောက်ပိုင်း အခုဆန္ဒပြပွဲဟာ ပထမဦးဆုံး ဖြစ်ပါတယ်။

ရှပ်နီဝတ် ဆန္ဒပြသူတွေဟာ ဒီကနေ့မှာ အခမ်း အနား ၂ ခုကို ကျင်းပခဲ့ကြပါတယ်။

တခုကတော့ ဝန်ကြီးချုပ်ဟောင်း တပ်ဆင် ရှင်နာဝပ်ကို ဖြုတ်ချပြီး စစ်တပ်အာဏာသိမ်း ခဲ့တဲ့ ၄ နှစ်မြောက် နှစ်ပတ်လည်နေ့နဲ့ နောက်တခုကတော့ ရက်သတ္တပတ် အတော်ကြာ ပြုလုပ်ခဲ့တဲ့ ဘန်ကောက်ဆန္ဒပြမှုတွေကို အစိုးရက အကြမ်းဖက်ဖြိုခွဲခဲ့တဲ့ ၄ လ မြောက်နေ့ ဖြစ်ကြပါတယ်။

ဘန်ကောက်မြို့မှာ လုံခြုံရေးတွေ တိုးချထားတာကို တွေ့မြင်ရတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။ ဒါပေမယ့် အကြမ်းဖက်မှု တစုံတရာမရှိခဲ့ဘူးလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာလည်း အလားတူ အခမ်းအနားတွေ ကျင်းပခဲ့ပါတယ်။