ကင်ဂျုန်အန်းကို ခေါင်းဆောင် တင်ဖို့ ပြင်

kim jong un
Image caption ကင်မ် ဂျုန်အန်း ငယ်စဉ်က ပုံ

မကြာခင် ကျင်းပဖို့ ရှိတဲ့ မြောက်ကိုရီးယား နိုင်ငံရဲ့ အာဏာရ အစိုးရပါတီ ညီလာခံမှာ လက်ရှိ နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအီဟာ သူ့ရဲ့ အငယ်ဆုံးသား ကင်မ် ဂျုန်အန်း ကို သူ့အရိုက်အရာ ဆက်ခံနိုင်ဖို့အတွက် အဆင့်မြင့် ရာထူးတစ်ခု ပေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ကိုရီးယား ဗဟို သတင်း အေဂျင်စီက အင်္ဂါနေ့ မနက်မှာ ကြေညာချက် တစ်စောင် ထုတ်ပြန်ရာ မှာ အနာဂတ် နိုင်ငံ ခေါင်းဆောင် ရွေးချယ်တဲ့ ကော်မတီ ဖွဲ့စည်းဖို့ ကိုးရီးယား အလုပ်သမား ပါတီညီလာခံကို မြို့တော် ပြုံယမ်းမှာ စက်တင်ဘာလ ၂၈ ရက်နေ့ ကျင်းပမယ်လို့ ဖော်ပြ ပါရှိ ခဲ့ပါတယ်။

ဒီပါတီညီလာခံကို စက်တင်ဘာလ အစောပိုင်းမှာ ကျင်းပဖို့ ရှိခဲ့ပေမယ့် ဘာ အကြောင်းပြ ချက်မှ မရှိပဲ ရွှေ့ဆိုင်းထားခဲ့တာပါ။

နိုင်ငံ မြောက်ပိုင်းမှာ ဆိုးဆိုးရွားရွား ရေကြီးခဲ့တာကြောင့် ဒါမှမဟုတ် ခေါင်းဆောင်ကြီး ကင်မ် ဂျုန်အီရဲ့ ကျန်းမာရေး အခြေအနေ ဆိုးရွားနေတာကြောင့် ဒီလို ရက်ရွှေ့ခဲ့တာလို့ ထင်ကြေးပေး ပြောဆိုမှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

အသက် ၆၈ နှစ်ရှိပြီဖြစ်တဲ့ ခေါင်းဆောင် ကင်မ်ဂျုန်အီ ဟာ ၂၀၀၈ ခုနှစ်မှာ လေဖြတ်ခဲ့ သေးတယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။

၁၉၈၀ ပြည့်နှစ်က နောက်ဆုံး ကျင်းပခဲ့တဲ့ ပါတီ ညီလာခံမှာ အခုလက်ရှိ ခေါင်းဆောင် ကင်မ်ဂျုံအီကို သူ့ဖခင် ခေါင်းဆောင်ကြီး ကင်မ် အီဆွန်းကို ဆက်ခံမယ့်သူအဖြစ် အသိအမှတ်ပြု ရွေးချယ်ခဲ့တာလို့ အားလုံးက ရှုမြင်ခဲ့ကြပါတယ်။

၁၉၉၄ ခုနှစ် ကင်မ် အီဆွန်း ကွယ်လွန်ချိန်မှာ ကင်မ် ဂျုန်အီက နိုင်ငံ့ခေါင်း ဆောင်အဖြစ် ဆက်ခံခဲ့ပြီး နိုင်ငံကို အထီးကျန်အဖြစ် ကမ္ဘာ့ အသိုင်းအဝိုင်း ကနေ ဖယ်ခွာ နေထိုင်ခဲ့ ပါတယ်။

ကင်မ် ဂျုန်အီဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ကျန်းမာရေးအတွက် တရုတ်ပြည်ကို သွားရောက် ဆေးကုခံခဲ့ပြီး ပြီးခဲ့တဲ့ သြဂုတ်လကလည်း တရုတ်ပြည်ကို သွားခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့နှစ်က ထွက်လာတဲ့ လျှို့ဝှက် သတင်းတစ်ပုဒ်မှာတော့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ် ဂျုန်အီဟာ သူ့သားအငယ်ဆုံး အသက် ၂၆၊ ၂၇ နှစ်ပဲရှိသေးတဲ့ ဆွစ်ဇာလန်မှာ ကျောင်းတက်ခဲ့တဲ့ ကင်မ် ဂျုန်အန်ကို အနာဂတ် နိုင်ငံ့ခေါင်းဆောင်အဖြစ် ဆက်ခံဖို့ ရွေးထားပြီး ဖြစ်တယ်လို့ သတင်းတွေ လည်း ထွက်နေပါတယ်။

မြောက်ကိုရီးယား စစ်တပ်နဲ့ ထိပ်တန်း ခေါင်းဆောင်တွေ အများကြီး ကြားထဲက နိုင်ငံရေး အတွေ့အကြုံ လောက်လောက်လားလား မရှိသေးတဲ့ ကင်မ် ဂျုန်အန် တစ်ယောက် လာမယ့် သီတင်းပတ်မှာ ကျင်းပမယ့် ပါတီညီလာခံမှာ ဖခင်အမွေ ဆက်ခံတဲ့ ခေါင်းဆောင်အဖြစ် တရားဝင် အသိအမှတ်ပြု ခံရမလား ဆိုတာကိုတော့ စောင့်ကြည့်ရအုံးမယ်လို့ ပြုံယမ်းမြို့မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။