ကင်ဂျုန်အန်းကို ဗိုလ်ချုပ်ကြီး ရာထူးပေး

North Korea
Image caption ပါတီ ညီလာခံ တက်ဖို့ ကိုယ်စားလှယ်တွေ ရောက်လာစဉ်

မြောက်ကိုးရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုန်အီရဲ့ အငယ်ဆုံးသား ဖြစ်သူ ကင်ဂျုန်အန်ကို ကြယ်လေးပွင့် အဆင့် ဗိုလ်ချုပ်ကြီး ရာထူးခန့်အပ်လိုက်ကြောင်း အစိုးရ သတင်းမီဒီယာတွေမှာ ဖေါ်ပြ ထားပါတယ်။

ကင်ဂျုန်အီဟာ ဆွေစဉ် မျိုးဆက် အာဏာ ဆက်ယူထားဖို့ သူ့သားကို နိုင်ငံ့ခေါင်းဆောင် အရိုက်အရာ လွှဲပေးမယ်ဆိုတဲ့ ထင်ကြေးပေး ပြောဆိုမှုတွေ ထွက်ပေါ်နေချိန်မှာပဲ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံး ပါတီညီလာခံကြီး ကျင်းပခါနီး အခုလို ကြေညာလိုက်တာပါ။

ဒါဟာ ကင်ဂျုန်အန်းရဲ့ နာမည်ကို အစိုးရ သတင်းမီဒီယာတွေမှာ ပထမဆုံး အကြိမ် ထုတ်ဖေါ် ကြေညာလိုက်တာ ဖြစ်ပါတယ်။

အသက် ၆၈ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ကင်ဂျုန်အီဟာ ရောဂါ ပေါင်းစုံ ခံစားနေရတယ်လို့ သတင်းတွေက ဆိုပါတယ်။

သူဟာ လွန်ခဲ့တဲ့ ၂နှစ်လောက်က လေဖြတ် ဝေဒနာ ခံစားခဲ့ရတယ်လို့ ယူဆရပြီး ဆေးကုသ ခံဖို့ တရုတ်နိုင်ငံကို အကြိမ်ကြိမ် သွားရောက်ခဲ့ပါတယ်။

သူ့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ မြောက်ကိုးရီးယား အစိုးရကရော၊ တရုတ် အစိုးရကပါ တရားဝင် ထုတ်ဖေါ် ပြောဆိုလေ့ မရှိပါဘူး။

ထိပ်တန်း ခေါင်းဆောင်ပိုင်း အသစ် ဖွဲ့စည်းဖို့ ရည်ရွယ်တဲ့ ပါတီ ညီလာခံကြီးကို ဒီကနေ့ အင်္ဂါနေ့မှာ စတင်မယ်လို့ ယူဆရပါတယ်။

ကင်ဂျုန်အီရဲ့ ညီမ ဖြစ်သူကိုလည်း ဗိုလ်ချုပ်ကြီး ရာထူးတခု ခန့်အပ်ကြောင်း အစိုးရပိုင် ကိုးရီးယား ဗဟို သတင်း အေဂျင်စီက ထုတ်ဖေါ် ကြေညာခဲ့ပါတယ်။

ဆွစ်ဇာလန်နိုင်ငံမှာ ပညာသင်ကြားခဲ့တဲ့ အသက် ၂၀ ကျော်အရွယ် ကင်ဂျုန်အန် အကြောင်းကို လူတွေ သိပ်မသိကြပါဘူး။

အခုလို ဖခင် ဖြစ်သူရဲ့ နိုင်ငံ့ ခေါင်းဆောင် အရိုက်အရာကို ဆက်ခံရတာဟာ နိုင်ငံရေး အတွေ့အကြုံ သိပ်မရှိသူတဲ့ ကင်ဂျုန်အန် အတွက် ကြီးမားတဲ့ လုပ်ငန်းတာဝန်ကြီး ဖြစ်လိမ့်မယ်လို့ အကဲခတ်တွေက ပြောနေပါတယ်။