အယုဒ္ဓယ ခွဲဝေယူဖို့ တရားရုံးဆုံးဖြတ်

အယုဒ္ဓယ ဘာသာရေးနယ်မြေကို ဟိန္ဒူ ပိုင်သလား၊ မွတ်ဆလင် ပိုင်သလား ဆိုတဲ့ အငြင်းပွားမှုနဲ့ ပတ်သက်ပြီး ဟိန္ဒူ၊ မွတ်ဆလင် အပါအဝင် ဒေသခံ ဘာသာရေး အဖွဲ့အစည်းတွေ မျှဝေ ပိုင်ဆိုင်ကြဖို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

Image caption လုံခြုံရေးတင်းကျပ်ထားတဲ့ အယုဒ္ဓယ

ဒီနေရာဟာ ဟိန္ဒူနတ်ဘုရား ရာမ ဖွားမြင်ရာ အရပ်လို့ ဟိန္ဒူဘာသာဝင်တွေက အစဉ်အလာအရ ယုံကြည်ထားခဲ့ကြပါတယ်။ ၁၆ ရာစုမှာတော့ အဲဒီနေရာမှာ ဘာဘရီ မွတ်ဆလင် ဗလီကြီး တည်ဆောက်ခဲ့ပါတယ်။

ဟိန္ဒူတွေကတော့ ၁၁ ရာစုတုန်းက တည်ထားခဲ့တဲ့ ဟိန္ဒူတွေရဲ့ အထွဋ်အမြတ် ဘုရားရှိခိုးကျောင်းကို ၁၆ ရာစုမှာ ဖျက်ပြီး မွတ်ဆလင် ဗလီကို တည် ဆောက်ခဲ့တယ်လို့ ယုံကြည်ကြပါတယ်။ အဲဒီလို ယုံကြည်တဲ့အတွက် ၁၉၉၂ ခုနှစ် ဒီဇင်ဘာလမှာ ဗလီကို ဖျက်ဆီးခဲ့ကြပါတယ်။ လူ ၂၀၀၀ ကျော် သေဆုံးခဲ့တဲ့ ဘာသာရေး အဓိကရုဏ်းကြီး ဖြစ်ပွားခဲ့ပါတယ်။ သေဆုံးသူ အများစုကတော့ အစ္စလာမ်ဘာသာဝင်တွေ ဖြစ်ခဲ့ပါတယ်။

အယုဒ္ဓယ ပြဿနာဟာ ဘာသာရေး ပြဿနာသာမက နိုင်ငံရေးပြဿနာ၊ ရှေးဟောင်းသုတေသနနဲ့ သမိုင်းဆိုင်ရာပြဿနာ လည်းဖြစ်လာပါတယ်။ ဘီဂျေပီပါတီရဲ့ ခေါင်းဆောင် အယ်လ် ကေ အက်ဒဝါနီ က အစ္စလာမ်တွေမှာ မက္ကာရှိသလို ၊ ခရစ်ယာန်တွေမှာ ဗာတီကန်ရှိသလို ၊ ရာမနတ်ဘုရားဖွားမြင်ရာ အယုဒ္ဓယဟာ ဟိန္ဒူရဲ့ အထွဋ်အမြတ်နေရာ ဖြစ်သင့်ပါတယ်လို့ ဆိုပါတယ်။

ဒီမြေနေရာဟာ ဟိန္ဒူဘာသာရေးနဲ့ သက်ဆိုင်တဲ့ မြေနေရာဆိုတာကို သမိုင်း ပညာရှင်၊ ရှေးဟောင်းသုတေသန ပညာရှင်တွေက လက်ခံကြပါတယ်။

ဟိန္ဒူဘာသာရေး အထွဋ်အမြတ်နေရာမှာ အစ္စလာမ်ဘာသာရေး အဆောက်အဦး ဗလီတည်ရှိနေတာဟာ အဓိက ပြဿနာဖြစ်ပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၈၀ ကတည်းက ဒီဗလီကို တည်ဆောက် ထားခဲ့တာ ဆိုတော့ ပြန်ပြင်ဖို့ရာ အချိန်သိပ်နှောင်းခဲ့ပြီလို့ တချို့က ဆိုကြပါတယ်။