ယီမင် တိုက်ခိုက်မှု

Yemen
Image caption ဒီ အရပ် အတွင်းမှာ ပဲ လွန်ခဲ့တဲ့ ၆ လ က တိုက်ခိုက်မှု ဖြစ်ခဲ့

ယီမင် နိုင်ငံ မှာ ယီမင် ဆိုင်ရာ ဗြိတိသျှ သံတမန် တွေ စီးနင်း လိုက်ပါ လာတဲ့ ယာဉ်တန်း ကို အာပီဂျီ ခွင်းဗုန်းနဲ့ ပစ်ခတ် တိုက်ခိုက် တာဖြစ်ခဲ့ပြီး သံတမန် တဦး နဲ့ လမ်းဘေး မှာ ရှိနေသူ ၂ ဦး ဒဏ်ရာ ရသွား ပါတယ်။

ဒါဟာ ယီမင် နိုင်ငံမှာ ဗြိတိသျှ သံတမန်တွေ အတိုက်ခိုက် ခံခဲ့ရတာ ၆လ အတွင်းမှာ ဒုတိယ အကြိမ် ဖြစ် ပါတယ်။

အခု တိုက်ခိုက်မှု ဖြစ်ရာ အရပ် ဟာ ဆာနာ လို့ခေါ်ပြီး အရင် ဧပြီ လတုန်းကလည်း ဒီ အရပ် မှာ ပဲ ဗြိတိန် သံအမတ် ကို အသေခံ ဗုံးခွဲ တိုက်ခိုက်ဖို့ ကြိုးစား တာ ဖြစ်ခဲ့ ပါ တယ်။

အာရေဗျ ကျွန်းဆွယ် မှာရှိတဲ့ အယ်လ်ကိုင်ဒါ တွေ က ပြီးခဲ့တဲ့ ဧပြီလ တုန်းက ယီမင် နိုင်ငံ ဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး ကို လုပ်ကြံဖို့ ကြိုးပမ်းခဲ့မှုဟာ သူတို့ရဲ့ လက်ချက် ဖြစ်တယ် လို့ ပြောခဲ့ ပါတယ်။

ယီမင် နိုင်ငံရဲ့ တောင်တန်းထူထပ်တဲ့ ဒေသတွေမှာ ခိုလှုံနေတဲ့ အစွန်းရောက် သမားတွေ ကလည်း တဖြည်းဖြည်း တိုးပွား လာနေ သလို ဒီ အစွန်းရောက် သမားတွေကို တိုက်ခိုက်ဖို့ အတွက် ယီမင် အစိုးရကို အမေရိကန် အစိုးရက ဒေါ်လာ သန်း၁၅၀ အကူအညီ ပေးဖို့ ကတိပြု ထားပါတယ်။

ယီမင် နိုင်ငံရဲ့ ပြဿနာတွေက ဒီအစွန်းရောက်သမားတွေ ကိစ္စတင် မကပါဘူး။

မနှစ်က တနှစ်လုံး ယီမင် အစိုးရဟာ နိုင်ငံ မြောက်ပိုင်း ရှီယား သူပုန်တွေ ရဲ့ ခွဲထွက်ရေး တောင်းဆိုတဲ့ အုံကြွ တိုက်ခိုက်မှုတွေကို ရင်ဆိုင် တွန်းလှန် နေခဲ့ရပါတယ်။

တခါ နိုင်ငံ တောင်ပိုင်းမှာလည်း နောက် လက်နက်ကိုင် အုပ်စုတစု က ခွဲထွက်ရေး တောင်းဆို နေ ပါတယ်။

ယီမင်နိုင်ငံမှာ တချိန်က ကြွယ်ဝ ထွန်းကားနေတဲ့ ရေနံ ထုတ် လုပ်ငန်းကြီး ဟာ အခုအခါ ကုန်ခန်းသလောက် ဖြစ်လာနေတဲ့ အတွက် ယီမင် အစိုးရ ခေါင်းဆောင်ပိုင်း အနေနဲ့ နိုင်ငံ ဆက် ရပ်တည် သွားနိုင်ဖို့ အတွက် ပြင်ပ အကူအညီ ကိုပဲ တနေ့တခြား ပို မှီခို အားကိုး လာနေ ရပါတယ်။

ဒီနေ့ ဖြစ်ခဲ့တဲ့ အရေး နဲ့ ပတ်သက်ပြီး ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဝီလျံ ဟိတ်ခ က အခု တိုက်ခိုက် မှု ကြောင့် ယီမင် နိုင်ငံ ရင်ဆိုင် နေရတဲ့ စိမ်ခေါ်မှု တွေကို ဗြိတိန် က ကူညီ ဖြေရှင်း ပေးဖို့ ပိုင်းဖြတ်ချက် ကို ၂ ဆ တိုးသွား စေတယ် လို့ ပြောပါတယ်။