မိုင်းလုပ်သားတွေ ကယ်ထုတ်ရေး စပြီ

ချီလီက မိုင်းလုပ်သားတွေကို ကယ်ထုတ်နေပုံကို ဒီနေရာကနေ တိုက်ရိုက်ကြည့်ရှု နိုင်ပါတယ်။

Image caption Phoenix လို့ အမည်ပေးထားတဲ့ သံဇကာ အိမ်လေးနဲ့ မြေပြင်ပေါ် ဆွဲတင်မှာ ဖြစ်

ချီလီနိုင်ငံမှာ မိုင်းတွင်းပြိုလို့ ပိတ်မိနေတဲ့သူ ၃၃ယောက်ကို ကယ်ထုတ်ရေး လုပ်ငန်းတွေ စနေပါပြီ။

သူတို့ဟာ မြေအောက်မှာ ၆၉ ရက်ကြာ ပိတ်မိနေတာပါ။

ရင်ဆိုင်နေရတဲ့ ဝမ်းနည်းဖွယ် အဖြစ်ဆိုးကြီး ကနေ အပျော်တွေနဲ့ အဆုံးသတ် ရတော့မှာပါလို့ ကယ်ထုတ်ရေး လုပ်ငန်းတွေကို လာရောက် ကြည့်ရှုနေတဲ့ ချီလီ သမ္မတ ဆီဘတ်စတီယမ် ပင်ညဲရားက ပြောပါတယ်။

ပထမဆုံး မြေပေါ်ကို ကယ်ထုတ်ခံရမယ့် ချီလီမိုင်း အလုပ်သမား အမည်က Florencio Avalos ဖြစ်ပါတယ်။

သူဟာ အသက် ၃၁နှစ်လောက် ရှိပြီး ဘောလုံး အားကစား ဝါသနာပါသူ ခလေးနှစ်ယောက် ဖခင် ဖြစ်ပါတယ်။

သူနဲ့ ညီအကို တော်စပ်သူ Renan Avalos လည်း မိုင်းတွင်းထဲ ပိတ်မိနေတာ ဖြစ်ပါတယ်။

နောက်ဆုံးမှ ကယ်ထုတ်ခံရမယ့်သူကတော့ အသက် ၄၄ နှစ် ရှိပြီ ဖြစ်တဲ့ ကြီးကြပ်ရေးမှူး လူဝစ် အာဇူရာ ဖြစ်ပါတယ်။

မြေပေါ်နဲ့ အဆက်အသွယ် မရသေးခင် မြေအောက် မီတာ ရဝဝ ကျော်မှာ ၁ရရက်ကြာ အစာငတ်ရေငတ် ပိတ်မိနေတဲ့ သူ့အဖွဲ့သားတွေ ကြံ့ခိုင်စွာ ရပ်တည်နေနိုင်အောင် ဆောင်ရွက်ခဲ့တဲ့ အတွက် သူ့ရဲ့ ခေါင်းဆောင်မှုကို ချီးကျူးနေကြပါတယ်။

အဲဒီတုန်းက နှစ်ရက် စာလောက်သာ ရှိတဲ့ ရိက္ခာနဲ့ ၁ရရက်ကြာအောင် ကြိုးစား ရပ်တည်ခဲ့ ကြတာ ဖြစ်ပါတယ်။

ကြံ့ခိုင် ကျန်းမာသူတွေကို နောက်ဆုံးမှ ကယ်ထုတ်မှာ ဖြစ်ပြီး ဒါမှသာ အခက်အခဲ တခုခု ကြုံရရင် ဖြေရှင်းနိုင်မှာလို့ အာဏာပိုင်တွေက ပြောပါတယ်။

လူတကိုယ်စာ ဝင်လို့ရတဲ့ Phoenix လို့ခေါ်တဲ့ သံဇာကာ အိမ်နဲ့ လူတယောက်ချင်းထည့်ကာ မြေပေါ် ကယ်ထုတ်မှာ ဖြစ်ပါတယ်။

အဲဒီလို သံဇကာအိမ် နှစ်လုံးနဲ့ မြေအောက် မြေပေါ် ကူးလူးပြီး လူတွေ ကယ်ထုတ်မှာလို့ သိရပါတယ်။

ကမ္ဘာတလွှားက သတင်းသမား တထောင်ကျော်လည်း အဲဒီမိုင်းတွင်းဝမှာ သတင်းယူဖို့ စုရုံးရောက်နေပါတယ်။

မိုင်းတွင်းထဲက ပိတ်မိနေတဲ့ အလုပ်သမားတွေ ၊ သူတို့ဆွေမျိုးမိသားစုတွေ ၊ ကယ်ဆယ်သမား တွေနဲ့အတူ အမေရိကန် ပြည်သူတွေ အတူရှိနေပြီး မိုင်းတွင်း လုပ်သားတွေ အခက်အခဲမရှိ လွတ်မြောက် လာရေးအတွက် ဆုတောင်းပေးနေပါတယ်လို့ သမ္မတ အိုဘားမားက ပြောကြောင်း အိမ်ဖြူတော်က ထုတ်ပြန် ကြေညာ လိုက်ပါတယ်။

ဒါ့အပြင် ကယ်ဆယ်ရေး လုပ်ငန်းမှာ အမေရိကန် ကျွမ်းကျင်သူ တယောက် ပါတဲ့ အတွက်လည်း ဂုဏ်ယူမိပါတယ်လို့ မစ္စတာ အိုဘားမားက ဆိုပါတယ်။