ကမ္ဘာကြီးပါပျော်သွားတဲ့ ချီလီမိုင်းသမားတွေ

ကျွန်တော်တို့မှာ ခွန်အားရှိတယ်၊ စိတ်စွမ်းအားရှိတယ်၊ ကျွန်တော်တို့ ရင်ဆိုင်ခဲ့တယ်၊ မိသားစုတွေအတွက် ရင်ဆိုင်ခဲ့တယ်၊ ဒါဟာ တကယ့် အံ့မခန်း အရာပါပဲလို့ ပြောသူက နောက်ဆုံးမှ မိုင်းတွင်းထဲက ထွက်လာခဲ့သူ မိုင်းတွင်း အလုပ်ကြပ် Luis Urzua ဖြစ်ပါတယ်။

Image caption နောက်ဆုံးထွက်လာတဲ့ မိုင်းလုပ်သား ခေါင်းဆောင်နဲ့ သမ္မတတို့ နိုင်ငံတော်သီချင်းဆို

မိုင်းလုပ်သားတွေဟာ မြေပြင်ကနေ မြေအောက် ၂၀၄၇ ပေမှာ ၆၉ ရက်ကြာ ပိတ်မိနေခဲ့ပါတယ်။ စိတ်ဓာတ်ခွန်အား ကြီးတဲ့လူတွေလို့ ပြောနိုင်ပါတယ်။ နောက်ဆုံး မိုင်းလုပ်သား ထွက်လာပြီးနောက်မှာတော့ တနိုင်ငံလုံး၊ တကမ္ဘာလုံးက အောင်ပွဲ ခံခဲ့ကြပါတယ်။

သံဇကာတပ်ထားတဲ့ ဓာတ်ကျုတ်နဲ့ မိုင်းလုပ်သားတွေကို တစ်ယောက်ချင်း ဆွဲတင်နေပြီး၊ နောက်ဆုံးတစ်ယောက် ထွက်လာချိန်မှာတော့ ကယ်ဆယ်ရေးလုပ်ငန်း ဝန်းကျင်မှာ မိုးပျံပူဖောင်းအလုံး ၃၃ လုံးကို လွှတ်တင်လိုက်သလို ရှန်ပိန်ပုလင်းတွေကိုလည်း ဖွင့်ဖောက်လိုက်ကြပါတယ်။

အားလုံးလည်း ဟစ်အော် ပျော်ရွှင်နေကြပါတယ်။ သမ္မတကြီး၊ ဝန်ကြီးတွေ၊ မိုင်းလုပ်သား ခေါင်းဆောင်နဲ့ မိုင်းလုပ်သားတွေ၊ မိုင်းလုပ်သားတွေနဲ့ ကြင်သူ သက်ထား ဇနီးမယားတွေ၊ ချစ်သူတွေ၊ သားသမီးတွေ၊ မိဘတွေ၊ ဆွေမျိုးသားချင်းတွေ အကုန် အော်ဟစ်ကခုန် ပျော်ရွှင်နေကြပါတယ်။

Image caption အချစ်ဆုံးတွေလည်း ပြန်တွေ့ကြတော့ ဖော်မပြေနိုင်အောင် ဝမ်းသာနေကြပြီ

သမ္မတနဲ့ မိုင်းလုပ်သားတွေက နိုင်ငံတော် သီချင်းကိုလည်း အတူတကွ စိတ်ပါလက်ပါ သီဆိုကြပါသေးတယ်၊ အခုဆိုရင် မိုင်းလုပ်သား ၃၃ ယောက်ကြောင့် ချီလီနိုင်ငံကို တကမ္ဘာလုံးက ပိုလို့ရင်းနှီးခင်မင် သိရှိသွားကြပါပြီ၊ ချီလီသားတွေရဲ့ စိတ်ဓာတ်အင်အား ကြီးမားမှုကိုလည်း လက်တွေ့ကျကျ လက်ခံယုံကြည် သွားကြပါပြီ။

သာမန်အရပ်သားတွေအပြင် ရုပ်သံကနေ တိုက်ရိုက် ကြည့်ရှု နားဆင်နေတဲ့ ကမ္ဘာတဝန်းက ပြည်သူတွေလည်း သေဘေးက လွတ်လာတဲ့ မိုင်းလုပ်သားတွေနဲ့ထပ်တူ ပျော်ရွှင်နေကြပါတယ်။ အရပ်သားတွေအပြင် နိုင်ငံတကာက နိုင်ငံ့ခေါင်းဆောင်တွေ ကလည်း မိုင်းလုပ်သားတွေနဲ့ ချီလီနိုင်ငံကို ဝိုင်းချီးကျူးကြပါတယ်။

Image caption မိုင်းလုပ်သားတွေကြောင့် ချီလီကို တကမ္ဘာလုံး က ချစ်ခင် လေးစား သွားကြပါတယ်

အခုအောင်မြင်မှုက မြေအောက်ရောက်နေတဲ့ လူတွေကို ကယ်တင်ရုံတင် မဟုတ်ပါဘူး၊ အဖိုးတန်လူသားတွေရဲ့မျှော်လင့်ချက်ကိုပါ ကယ်တင်လိုက်တာပါလို့ မက္ကဆီကို သမ္မတက Filipe Calderon ပြောပါတယ်။

အမေရိကန်သမ္မတ အိုဘားမားကလည်း ဒီကယ်ဆယ်ရေးလုပ်ငန်းကြီး အောင်မြင်ခဲ့တာနဲ့ပတ်သက်ပြီး ချီလီနိုင်ငံသားတွေရဲ့ ညီညွတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုရဲ့ အောင်ပွဲလို့ ချီးကျူးခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဘင်နဒစ် ၁၆ နဲ့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းတို့ကလည်း ဝမ်းမြောက်ကြောင်း အမှာစကားတွေ လှမ်းပါး ကြပါတယ်။

Image caption တနိုင်ငံလုံး တကမ္ဘာလုံးလည်း ချီလီမိုင်းသား တွေနဲ့အတူ ဝမ်းမြောက်ပျော်ရွှင်ခဲ့ကြတယ်

မိုင်းလုပ်သား ၃၃ ဦးရဲ့ လက်ရှိအခြေအနေ ကတော့ သွားနဲ့မျက်လုံး ကုသမှုခံယူနေသူ တချို့ရှိပေမယ့် အားလုံးဟာ ကျန်းမာရေး ကောင်းမွန်ကြပြီး သဘာဝ အလင်းရောင်နဲ့လည်း လိုက်လျောညီထွေ နေနိုင်ကြပြီမို့ ဒီညပိုင်းလောက်မှာ အထူးကုသပေးနေတဲ့ ဆေးရုံကနေ ဆင်းနိုင်တော့မယ်လို့ သိရပါတယ်။

အခုဆိုရင်တော့ ချီလီမိုင်းလုပ်သားတွေ ကယ်ဆယ်ရေးလုပ်ငန်းက အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးခဲ့ပါပြီ။ ဝမ်းမြောက်ဖွယ်ရာ ဂုဏ်ယူဖွယ်ရာ ဒီကယ်ဆယ်ရေး လုပ်ငန်းက ချီလီရဲ့ပုံရိပ်ကို ပြောင်းလဲစေနိုင်မယ့်အထိ ဖြစ်ခဲ့ပြီလို့ ဆိုပါတယ်။

Image caption သမ္မတဟာ ဆေးရုံသွားပြီး မိုင်းလုပ်သားတွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ပါတယ်

နိုင်ငံလွတ်လပ်ရေး နှစ်ပေါင်း ၂၀၀ ပြည့် ဆင်နွှဲခဲ့တာ သိပ်မကြာသေးတဲ့အချိန်၊ နိုင်ငံဟာလည်း ငလျင်ဒဏ်ကြီးခံရတဲ့အဖြစ်က ရုန်းထခဲ့တဲ့ လပိုင်းအကြာမှာ အခု နောက်ထပ် ရင်ခုန်စရာအတိပြီးတဲ့ အောင်ပွဲက ချီလီဟာ အခက်အခဲတွေက ရုန်းထွက်နိုင်တဲ့ ပုံရိပ်ကို ဆောင်ခဲ့ပါတယ်။

ချီလီလို့ဆိုရင် စစ်ဗိုလ်ချုပ်ကြီး ပီနိုရှေးရဲ့ ဖိနှိပ်တဲ့ စစ်အုပ်ချုပ်ရေးစနစ်ကို ကမ္ဘာက မြင်ခဲ့ကြမြင်နေဆဲ ဖြစ်တာမို့ အခုဆိုရင် ချီလီပုံရိပ်ကတော့ ပြောင်းလဲခဲ့ပြီလို့လည်း သုံးသပ်မှုလည်း ရှိလာခဲ့ပါတယ်။

Image caption သားအဖတွေလည်း နောက်ဆုံး ပြန်တွေ့နိုင်ခဲ့

နိုင်ငံပုံရိပ် ပြောင်းသွားပြီလို့ ဆိုနိုင်ပါပြီ၊ ချီလီဟာ အာဏာသိမ်းပြီး စစ်အာဏာရှင် ကြီးစိုးခဲ့တဲ့ နိုင်ငံတခု ဖြစ်ခဲ့တယ်ဆိုတဲ့ အရင်က ပုံရိပ်ထက် အခုအချိန်မှာ ချီလီ နိုင်ငံသားတို့ ညီညွတ်စွာ ဆောင်ရွက်ကြပုံကို ကမ္ဘာက အမှတ်ရကြတော့မှာ နမူနာယူကြတော့မှာလို့ ချီလီသမ္မတ Sebastian Pinera က ဂုဏ်ယူစွာနဲ့ ပြောပါတယ်။

ချီလီသူရဲကောင်း မိုင်းလုပ်သား ၃၃ ယောက်နဲ့ သူတို့ကို ကယ်တင်ခဲ့တဲ့ စီမံချက်ကြောင့် ကမ္ဘာ့ပြည်သူတွေကတော့ ချီလီဆိုတဲ့ အသံကြားလိုက်တာနဲ့ မိုင်းလုပ်သားတွေနဲ့ အံ့မခန်းစွမ်းအားတွေနဲ့ ချီလီနိုင်ငံသားတွေရဲ့ ပူးပေါင်းမှု ညီညွတ်မှုတွေကို အမှတ်ရနေတာ့မှာ ဖြစ်ပါတယ်။