ချီလီ မိုင်းလုပ်သား တချို့ အိမ်ပြန်ခွင့်ရ

chile
Image caption မိုင်းတွင်း ဘေးကင်းရေး ပြန်သုံးသပ်ဖို့ ချီလီ သမ္မတ ကတိပြု

မြေအောက်မှာ နှစ်လကျော်ကြာ ပိတ်မိ နေရာကနေ ကယ်ဆယ်နိုင်ခဲ့တဲ့ ချီလီ မိုင်းလုပ်သား ၃၃ ယောက်ထဲက ၃ယောက် ကို အာဏာပိုင်တွေက အိမ်ပြန်ခွင့် ပြုလိုက် ပါပြီ။

ဒါပေမယ့် အိမ်ပြန်ခွင့် ရသူတွေ ဘယ်သူ ဆိုတာကို အာဏာပိုင်တွေက လျှို့ဝှက် ထားပါတယ်။

မိုင်းတွင်း လုပ်သားတွေကို ချီလီသမ္မတက လာရောက် တွေ့ဆုံခဲ့ပြီး ချီလီ နိုင်ငံသားတွေ ခုလို လူမဆန်တဲ့ အခြေအနေမျိုးမှာ နောင်ဘယ်တော့မှ အလုပ် မလုပ်စေရဘူးလို့ ကတိပေးခဲ့ပါတယ်။

အိမ်ပြန်ခွင့် ပြုလိုက်တဲ့ မိုင်းလုပ်သား ၃ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အနေအထားက ကောင်းမွန်ပေမဲ့ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေ ဘယ်လို ရှိမလဲဆိုတာ မခန့်မှန်း နိုင်ကြောင်း ဆရာဝန်တွေက ပြောပါတယ်။

အစောပိုင်းကတော့ သူတို့ကို အနည်းဆုံး ဆေးရုံမှာ လေးဆယ့်ရှစ်နာရီလောက် ထားထားဖို့ ကောင်းတယ်လို့ ဆေးရုံက တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း သူတို့ကို စစ်ဆေးကြည့်တဲ့အခါမှာ အခြေအနေက မယုံနိုင်စရာ ကောင်းလောက်အောင် ကောင်းမွန်တဲ့အတွက် ခပ်စောစောပဲ အိမ်ပြန်လွှတ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

မိုင်းတွင်း အလုပ်သမား ၃၃ယောက်ကို ပေနှစ်ထောင် အနက်ရှိတဲ့ တွင်းထဲကနေ တကြိမ်မှာ တယောက်ကျစီ ကယ်တင်ခဲ့ရပြီး ပထမဆုံး တယောက် မြေပေါ် ပြန်ရောက်ချိန်ကနေ ၃၃ယောက်မြောက်ကို ကယ်တင်နိုင်တဲ့ထိ စုစုပေါင်း နှစ်ဆယ့်နှစ်နာရီ ကြာမြင့်ပါတယ်။