မဲရောင်းမယ့်ကိစ္စ ဖီဖာ စုံစမ်းမည်

Image caption မစ္စတာအဒါမူက သူ့ကိုယ်ကျိုးအတွက် လုပ်တာ မဟုတ်ဘူးလို့ ဆိုပါတယ်

၂၀၁၈ နဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ဖို့ နိုင်ငံအသီးသီးက ယှဉ်ပြိုင်နေကြရာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက အမှုဆောင် ၂ ဦးဟာ သူတို့ရဲ့ မဲတွေကို ရောင်းမယ်လို့ စွပ်စွဲချက်တွေ ထွက်နေတဲ့အပေါ် စုံစမ်းဆေးမှုတွေ လုပ်မယ်လို့ ဖီဖာက ပြောပါတယ်။

လန်ဒန်ထုတ် The Sunday Times သတင်းစာက သတင်းထောက်တွေဟာ အမေရိကန် အိမ်ရှင်ဖြစ်ရေး မဲဆွယ်စည်းရုံး သူတွေအဖြစ် ဟန်ဆောင်ကာ အမှုဆောင် ၂ ဦးဖြစ်သူ နိုက်ဂျီရီးယားက အမို့စ်အဒါမူနဲ့ သဟီရှီက ပြင်သစ်နိုင်ငံသား ရေနယ်တီမာရီတို့နဲ့ တွေ့ဆုံပြီး စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ခဲ့တယ်လို့ အဲဒီသတင်းစာက ပြောပါတယ်။

မစ္စတာ အဒါမူကတော့ နိုက်ဂျီရီးယားမှာ မြင်ခင်းတု ဘောလုံးကွင်းတွေ တည်ဆောက်ဖို့ ဒေါ်လာ ၈ သိန်းလိုချင်ကြောင်းနဲ့ မစ္စတာတီမာရီကတော့ အားကစားကျောင်း တည်ဆောက်ရေး အတွက် ငွေဘယ်လောက်ပေးနိုင်မလဲဆိုတာ ဆွေးနွေးခဲ့ကြတယ်လို့ The Sunday Times သတင်းစာ ကဆိုပါတယ်။

မစ္စတာ အဒါမူက ငွေတွေကို သူ့ကို တိုက်ရိုက်ပေးရမှာ ဖြစ်ပြီး၊ ဒါဟာ သူ့ကိုယ်ကျိုးအတွက် လုပ်တာမဟုတ်ဘူးလို့လည်းဆိုပါတယ်။

သူတို့နဲ့ ဆွေးနွေးနေတာကို The Sunday Times သတင်းစာက သတင်းထောက်တွေဟာ လျှို့ဝှက် ဗီဒီယို ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။

စွပ်စွဲချက်တွေမှန်ကန်တယ်ဆိုရင်တော့ ဒီအမှုဆောင် ၂ ဦးဟာ ဖီဖာရဲ့ စည်းမျဉ်းစည်းကမ်း တွေကို လုံးဝချိုးဖေါက်ရာ ရောက်ပါလိမ့်မယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဖီဖာက နောက်ထပ် အသေးစိတ် အချက်အလက်တွေကို တောင်းဆို ထားပြီး၊ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။

အခုလိုသတင်းထွက်လာပြီးနောက်၊ သူတို့မဲတွေကို ဘယ်သူကမှ သြဇာသုံး ရယူနိုင်မှာ မဟုတ်ဘူးလို့ အမှုဆောင် ၂ ဦးက ပြောပါတယ်။