မိုင်းလုပ်သားတွေရဲ့ ကျေးဇူးတော် အခမ်းအနား

Image caption San Jose မိုင်းတွင်းမှာ ကျေးဇူးတော် အခမ်းအနား ကျင်းပ

ချီလီနိုင်ငံ ဆန်ဟိုဆေး မိုင်းတွင်း ပြိုရာကနေ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက လွတ်မြောက်လာတဲ့ အလုပ်သမား ၃၃ယောက်ဟာ ဘေးမသီ ရန်မခ မြေပေါ် ရောက်လာတဲ့ အထိမ်းအမှတ် အဖြစ် အဲဒီမိုင်းတွင်း နေရာမှာ ကျေးဇူးတော် အခမ်းအနား ကျင်းပခဲ့ပါတယ်။

ဘာသာရေး အခမ်းအနားအဖြစ် ကျင်းပခဲ့တဲ့ အဲဒီပွဲကို ယာယီဖျင်ကာ အမိုးတဲ ထဲမှာ ပြုလုပ်ခဲ့ကြပြီး မိုင်းလုပ်သားတွေရဲ့ ဆွေမျိုးမိသားစုတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

အပြင်ဘက်မှာတော့ အစိုးရကို ဒေါသထွက် နေကြသူ ငါးဆယ်လောက်က စုရုံးဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ မိုင်းတွင်း လုပ်သားတွေဖြစ်ပေမယ့် အဲဒီအထဲမှာ မြေပြိုလို့ ပိတ်မိခဲ့တဲ့ မိုင်းတွင်းလုပ်သား တယောက်မှ မပါပါဘူး။

သူတို့တွေဟာ ကျင်းပနေတဲ့ ကျေးဇူးတော် အခမ်းအနား တက်ရောက်ခွင့် မရတာရယ် ၊ လုပ်ငန်းခွင် လုံခြုံမှုမရှိလို့ ဆိုပြီး ဆန်ဟိုဆေး မိုင်းတွင်း ပိတ်ခံရ ကတည်းက သူတို့ လစာ နှစ်လခန့် မရခဲ့တာတွေ အပေါ် ပြစ်တင် ပြောဆိုခဲ့ ကြပါတယ်။