ဗြိတိန် အစိုးရ ဌာနတိုင်း ဘတ် ဂျက် ဖြတ်ခံရ

Image caption ဘဏ္ဍာရေး ဝန်ကြီး George Osborne

ဆယ်စုနှစ်တွေ အတွင်း ဗြိတိန်မှာ အကြီးမားဆုံး အသုံးစရိတ် လျှော့ချမှု လုပ်ဆောင်နေရာမှာ အလုပ်သမား သမဂ္ဂတွေနဲ့ အတိုက်အခံ နိုင်ငံရေး သမားတွေက ဒီ အစီအစဉ်ကို ရှုတ်ချ နေကြပါတယ်။

ဒါဟာ မဆင်မခြင် လောင်းကစား လုပ်သလို ဖြစ်နေပြီး အတွေးအခေါ် အပေါ် အခြေခံကာ စီးပွားရေး အရ လက်တွေ့မကျဘူးလို့ အတိုက်အခံတွေက ထောက်ပြ ပြောဆိုနေပါတယ်။

ဒီအစီအစဉ် တွေကို ဆန့်ကျင်တဲ့ ထောင်နဲ့ချီတဲ့ ဆန္ဒပြသမား တွေဟာ လန်ဒန်မြို့လယ်မှာ စုရုံးခဲ့ကြပြီး အလုပ်သမား သမဂ္ဂ ခေါင်းဆောင် တချို့ကလည်း လူစုလူဝေးနဲ့ အုံကျင်းချီပြီး ဆန္ဒပြကြဖို့ ပန်ကြားထား ပါတယ်။

ဗြိတိန်က စက်မှု လုပ်ငန်းတွေကို ကိုယ်စားပြုတဲ့ CBI အဖွဲ့ကြီးကတော့ အခုလို ဖြတ်တောက်မှုတွေက တိုင်းပြည်စီးပွားရေး အတွက် မရှိမဖြစ် လိုအပ်တယ်လို့ ဆိုပါတယ်။

အစိုးရ ဌာန တွေဟာ အသုံးစရိတ်ရဲ့ လေးပုံတပုံလောက် ဖြတ်တောက်ခံရပြီး ဝန်ထမ်း ငါးသိန်းလောက် အလုပ်လက်မဲ့ ဖြစ်ကြလိမ့်မယ်လို့ ခန့်မှန်း နေကြပါတယ်။

ဗြိတိသျှ အစိုးရရဲ့ အသုံးစရိတ် လျှော့ချမှု အစီအစဉ်တွေထဲမှာ နိုင်ငံတကာ ကယ်ဆယ်ရေး ရန်ပုံငွေ ထောက်ပံ့မှုကိုတော့ ဖြတ်တောက် မထားပါဘူး။

တိုင်းပြည်ဝင်ငွေရဲ့ သုည ဒဿမ ခုနှစ်ရာခိုင်နှုန်းကို နိုင်ငံတကာ ကယ်ဆယ်ရေး ရန်ပုံငွေ ထည့်ဝင်ရမယ် ဆိုတဲ့ ကုလသမဂ္ဂရဲ့ ရည်မှန်းချက်ကို ဗြိတိန်က ဂုဏ်သရေ ရှိစွာ ဖြည့်ဆည်းမှာ ဖြစ်ပါတယ်လို့ ဘဏ္ဍာရေးဝန်ကြီး ဂျော့ဂျ် အော့စ်ဘွန်းက ဂတိပေး ပြောကြား လိုက်ပါတယ်။

အခု အစိုးရအသစ်က စစ်ဖြစ်နေတဲ့ အာဖဂန် နစ္စတန်နဲ့ အီရတ်တို့လို နေရာတွေ မှာ အဓိကထား ကူညီနေတာဟာ တခြား ချို့တဲ့နေတဲ့ တိုင်းပြည်တွေမှာ ဆင်းရဲမှု လျှော့ချရေး အတွက် သုံးဖို့ငွေတွေကို လျော့နည်း သွားစေတယ်လို့ လူမှု ကယ်ဆယ်ရေး အဖွဲ့ တချို့က သတိပေး လိုက်ပါတယ်။