ခမရ ၂၀၃ ၂၀၄ကြံ့ခိုင်ရေးပါတီကိုမထောက်ခံ

မြန်မာ စစ်သားများစစ်ရေးပြစဉ်
Image caption မြန်မာ စစ်သားများစစ်ရေးပြစဉ်

တပ်မတော်သားတိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို မဲပေးရမယ်ဆိုတဲ့ အစီစဉ်ကို တပ်မ ၂၂ လက်အောက်ခံ ကရင်ပြည်နယ် မြိုင်ကလေးမှာ အခြေချတဲ့ ခမရ ၂၀၃ နဲ့ ၂၀၄ တို့မှာ တပ်သားတွေက လက်မခံပဲ ကန့်ကွက်ခဲ့တယ်လို့ သိရပါတယ်။

တပ်မ ၂၂ နည်းဗျူဟာမှူး ဦးဆောင်တဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ဟာ လက်အောက်ခံ ခမရ ၂၀၃ နဲ့ ၂၀၄ တို့မှာ မနေ့က တပ်ရင်း မိသားစုဝင်အားလုံးကိုခေါ်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို မဲပေးဖို့ ရှင်းပြတဲ့အခါ တပ်ရင်းမှာရှိတဲ့ အရာရှိအရာခံ အကြပ်တပ်သားတွေက ကန့်ကွက်လိုက်တယ်လို့ ခမရ ၂၀၃ က ရဲဘော်တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

တပ်ရင်းမှာ စားဝတ်နေရေးအလွန်အမင်း ကျပ်တည်းနေတဲ့အချိန် တပ်ရင်းစည်းဝေးခန်းမထဲကိုခေါ်ပြီး ကြံ့ဖွံ့ပါတီကို မဲထည့်ဖို့နဲ့ စည်းရုံးပေးဖို့ လာပြောတဲ့အခါ ဗိုလ်တစ်ယောက်က ထပြီး ဒီကိစ္စကို မလုပ်ပေးနိုင်တဲ့အကြောင်းပြောတော့ ထပြီးကန့်ကွက်တဲ့ ဗိုလ်ကြီးနောက်က ကျန်တဲ့ရဲဘော်တွေကပါ ထပြီး ထောက်ခံပေးလိုက်ကြတဲ့အကြောင်း အဲဒီ ရဲဘော်ကပဲ ပြောပါတယ်။

တပ်ရင်းမိသားစုဝင်တွေရဲ့ လက်ရှိအနေအထားနဲ့ပတ်သက်ပြီး အခုဆိုရင် တပ်ရင်းရိက္ခာကလည်း နှစ်လသုံးလ ထုတ်မပေးပဲ ထားတဲ့အကြောင်း ရဲဘော်တွေက အနီးမှာ ရှိတဲ့ ဘိလပ်မြေစက်ရုံမှာ မိသားစုလိုက် အလုပ်ဝင်လုပ်ပြီး စားဝတ်နေရေးဖြေရှင်းနေကြရတဲ့အကြောင်း တပ်ရင်းပိုင် ရာဘာခြံထဲက ပျိုးပင်တွေကိုအပြင်မှာ ရောင်းစားပြီး ရပ်တည်နိုင်အောင် ဖန်တီးနေကြရကြောင်း အဲဒီ ရဲဘော်ကပဲ ရှင်းပြပါတယ်။

ဒီအခက်အခဲတွေကြောင့်ပဲ ပြီးခဲ့တဲ့ ဇွန်လတုန်းက အာဏာဖီဆန်မှုတွေ ဖြစ်ခဲ့လို့ တိုင်းမှူးကိုယ်တိုင် လာရောက်ဖြေရှင်းခဲ့ရပါသေးတယ်။ အဲဒီတုန်းက အခြေအနေတွေကို ပြေလည်အောင် ဖြေရှင်းမပေးသေးတဲ့အပြင် ရိက္ခာပါအဖြတ်ခံထားရတဲ့အချိန် အခုလို လာရောက်မဲဆွယ်တာမို့ ရဲဘော်တွေက ဝိုင်းဝန်းကန့်ကွက်လိုက်တာဖြစ်ပါတယ်။