လယ်သမားများကြွေးပင်လယ်ဝေ

မိုးရာသီကောက်စိုက်မြင်ကွင်း
Image caption မိုးရာသီကောက်စိုက်မြင်ကွင်း

မြန်မာနိုင်ငံရဲ့ အနှစ် နှစ်ဆယ်အတွင်း အလုပ်သမားနဲ့လယ်သမားတွေ အခွင့်အရေး ချိုးဖေါက်ခံရမှုတွေကို ဖေါ်ပြထားတဲ့ မှတ်တမ်းတစ်ခုကို မြန်မာနိုင်ငံ အလုပ်သမားနဲ့လယ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ချုပ်က စုစည်းပြီး ဒီကနေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

ဒီမှတ်တမ်းအရ မြန်မာနိုင်ငံက အလုပ်သမား လယ်သမားတွေရဲ့ အခြေအနေကို ပြည်တွင်းမှာရှိတဲ့ အဲဒီအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ရီရီရှိန်က ရှင်းပြရာမှာ အခု မြန်မာနိုင်ငံမှာ လယ်သမားတွေ လယ်တွေအ အဓမ္မအသိမ်းခံရတယ် စီမံကိန်းသီးနှံဆိုပြီး လယ်သမားတွေက ကိုယ်စိုက်ချင်တာ မစိုက်ရပဲ အစိုးရက စိုက်ခိုင်းတာကိုပဲ စိုက်နေရတယ် စိုက်ပျိုးစရိတ်တွေကို လယ်သမားတွေက အပြင်မှာ အတိုးကြီးကြီးနဲ့ ယူပြီး စိုက်ရတယ် အစိုးရက စိုက်ပျိုးစရိတ် လုံလုံလောက်လောက်ချပေး ထားတာလည်း မရှိဘူး လယ်သမားတွေရဲ့အဖြစ်က အခုဆိုရင် အကြွေးသံသရာ လည်နေကြရတယ်လို့ ဘီဘီစီကို ရှင်းပြပါတယ်။

မနေ့ကပြုလုပ်တဲ့ ဆည်မြောင်းနဲ့ စိုက်ပျိုးဝန်ကြီး ဦးဌေးဦးက မြန်မာနိုင်ငံအနေနဲ့ စိုက်ပျိုးသီးနှံတွေကို ပြည်ပကိုရောင်းချနိုင်ခဲ့တယ်ဆိုတဲ့ သတင်းစာ ရှင်းလင်းပွဲအပေါ်မှာလည်း ဒေါ်ရီရီရှိန်က ဒီလို ရောင်းချလို့ရတယ်ဆိုတဲ့ အကျိုးအမြတ်အပေါ်မှာ လယ်သမားတွေအနေနဲ့ ဘာမှ ခံစားခွင့်မရှိတဲ့အကြောင်း တကယ်တော့ ကိုယ့်နိုင်ငံက ကောင်းတဲ့ သီးနှံဟူသမျှ အစိုးရက နိုင်ငံခြားကို ပို့တဲ့အကြောင်း လယ်သမားတွေကတော့ မကောင်းမကန်းတွေပဲ စားနေကြရတဲ့အကြောင်း ပြောပါတယ်။

လယ်သမားတွေရဲ့ ထွက်ကုန်အားလုံးနှီးပါးကိုလည်း စစ်တပ်စပါးဆိုပြီး ကြိုတင်ပေးထားတဲ့ ဓါတ်မြေသြစာဘိုးဆိုပြီး အသိမ်းခံကြရတဲ့အကြောင်း ကျန်တဲ့ကုန်တွေကလည်း အပြင်က ယူထားတဲ့အကြွေးကို ပြန်ဆပ်ရတဲ့အကြောင်း အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ပိုက်ဆံရှိသူဌေးတွေပဲ အားလုံးဆင်းလာပြီး ဝယ်သွား သိမ်းသွားကြတာပါပဲလို့ ဒေါ်ရီရီရှိန်က ပြောသွားပါတယ်။