ယီမင်နိုင်ငံမှာ လုံခြုံရေး တိုးမြှင့်ချထား

Image caption ဆန်နားမှာ လက်နက်ကိုင် ရဲနဲ့စစ်သားတွေကို အကြီးအကျယ်ချထားပါတယ်

ယီမင်နိုင်ငံကနေ တင်ဆောင်ပေးလိုက်တာ ဖြစ်တယ်လို့ ယူဆရတဲ့ ဖေါက်ခွဲရေးပစ္စည်း အထုတ် ၂ ထုတ်ကို ဗြိတိန်နဲ့ ဒူဘိုင်းတို့မှာ ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ယီမင်အာဏာပိုင် တွေဟာ လုံခြုံရေးကို တိုးမြှင့်ချထားလိုက် ပါတယ်။

မြို့တော် ဆန်နားမှာ လက်နက်ကိုင် ရဲနဲ့ စစ်သားတွေကို အကြီးအကျယ် ချထားတယ်လို့ သတင်းတွေက ဆိုပါတယ်။

ဒီအထုတ် ၂ ထုတ်ကို အမေရိကန်ကုန်တင်လေယာဉ် တစင်းစီမှာ တင်ပေးလိုက်တာဖြစ်ပြီး၊ ချီကာဂိုက ဂျူးဘုရားကျောင်းကို ပို့ဖို့ လိပ်မူထားပါတယ်။

ဒါပေမယ့် ဒါတွေကို ဒူဘိုင်းနဲ့ ဗြိတိန်တို့မှာ ကြားဖြတ်ဖမ်းမိတာဖြစ်ပါတယ်။ အခုအချိန် မှာတော့ ယီမင်မှာ အခြေစိုက်တဲ့ အဲခါရီးဒါးနဲ့ပတ်သက်သမျှအားလုံးကို ရှာဖွေဖေါ်ထုတ် နေတယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။

ဒူဘိုင်းလေဆိပ်မှာ ရှာတွေ့ရှိ သံသယဖြစ်ဖွယ်အထုတ်ဟာ ဗုံးဖေါက်ခွဲလို့ရတဲ့ ပစ္စည်း ဖြစ်တယ်လို့ ဒူးဘိုင်းရဲက ပြောပါတယ်။

Image caption ကွန်ပြူတာ ပရင့်တာသုံး မင်တောင့်ထဲမှာ ဖေါက်ခွဲရေး ပစ္စည်းတွေဖြည့်ထားပါတယ်

ယီမင်နိုင်ငံကနေလာတဲ့ ကုန်တင်လေယာဉ် ပေါ်မှာ ကွန်ပြူတာ ပရင့်တာသုံး မှင်တောင့်ထဲ မှာ ဖေါက်ခွဲရေးပစ္စည်းတွေဖြည့်ထားပြီး၊ အဲဒါကို လျှပ်စစ်စားကစ်ပြားတခုနဲ့ အတူ လက်ကိုင်ဖုန်း ဆင်းကာဒ်တခုနဲ့ပါ ဆက်သွယ် ထားတယ်ဆိုတာကို စုံစမ်းတွေ့ရှိခဲ့ရပါတယ်။

ပစ္စည်းကို ကျွမ်းကျင်စွာ တပ်ဆင်ထားတာပြီး ဒါဟာ အကြီးအကျယ်ပေါက်ကွဲနိုင်တဲ့ PETN ဖေါက်ခွဲရေးပစ္စည်းဖြစ်တယ်လို့ စုံစမ်းသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာကလည်း အခုလို ဖေါက်ခွဲရေးပစ္စည်းမျိုးနဲ့ အမေရိကန် လေယာဉ်တစီး ကို ဖေါက်ခွဲဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မမြင် ဖြစ်ခဲ့ပါတယ်။

နောက်ထပ် သံသယဖြစ်ဖွယ် အထုတ်ကိုတော့ ဗြိတိန် လေဆိပ်တခုမှာ မနေ့က တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။