ဘုရားကျောင်း ဝင်စီးတဲ့ ကိစ္စ အီရတ် ကာကွယ်ပြော

baghdad
Image caption ဘဂ္ဂဒက်မြို့က ဘုရားကျောင်းကို လုံခြုံရေး တပ်တွေ ဝင်စီးအပြီး တွေ့ရပုံ

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့မှာ ခရစ်ယာန် တွေကို သေနတ်သမားတွေ ပြန်ပေးဆွဲ ထားတဲ့ ကက်သလစ် ခရစ်ယာန် ဘုရား ကျောင်းထဲ အတင်း ဝင်ရောက် စီးနင်းရုံက လွဲပြီး တခြား ရွေးစရာ နည်း မရှိဘူးလို့ အီရတ် အစိုးရက ပြောပါတယ်။

အဲဒီလို ကယ်ဆယ်ခဲ့ရာမှာ ပြန်ပေးဆွဲ ခံရသူ တွေနဲ့ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၅၂ဦး သေဆုံးသွား တယ်လို့ အခုနောက်ဆုံး သိရပါတယ်။

သေနတ်သမား ၆ဦးလည်း သေဆုံးသွားတယ်လို့ အီရတ် ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။

တိုက်ခိုက်မှုတွေ ဖြစ်စဉ် အချိန်တုန်းက ဘုရားကျောင်းတွင်းမှာ လူ၁၀၀ လောက် ရှိနေခဲ့ပါတယ်။

သေနတ်သမားတွေက အာဏာပိုင်တွေကို မိုဘိုင်းဖုန်းနဲ့ ဆက်သွယ်ပြီး အကျဉ်းကျနေတဲ့ အယ်လ်ကိုင်ဒါ တွေကို ပြန်လွှတ်ပေးဖို့နဲ့ သူတို့ အဆိုအရ အီဂျစ်နိုင်ငံက ဘုရားကျောင်းမှာ ထိန်းသိမ်းခံထားရတယ် ဆိုတဲ့ မူဆလင် အမျိုးသမီးတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ ပါတယ်။

ဒါပေမဲ့ ညှိနှိုင်း ပြောဆိုမှုတွေ အရာမရောက်ခဲ့ပဲ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဘုရားကျောင်း ထဲ ဝင်စီးနင်းခဲ့ကြတယ်လို့ ဘီဘီစီက ပြောပါတယ်။

အဲဒီနောက်မှာတော့ ဘုရားကျောင်းတွင်းထဲကနေ ပေါက်ကွဲသံ နှစ်ခု ကြားခဲ့ရပြီး နောက်မှာ သေနတ်သံတွေ ထပ်ကြားခဲ့ရတယ်လို့ အနီးအနားမှာ ရှိတဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။

အီရတ်နိုင်ငံမှာ မကြာသေးခင် နှစ်တွေ အတွင်း ခရစ်ယာန် ဘုရားကျောင်း အတော်များများ ဗုံးခွဲ တိုက်ခိုက်ခံခဲ့ရပြီး ဘုန်းတော်ကြီးတွေ အဖမ်းခံ အသတ်ခံခဲ့ကြရပါတယ်။

ဒါပေမဲ့ ဒီလို ကြာရှည် ပြန်ပေးဆွဲ ထားတာမျိုးတော့ မရှိခဲ့ဘူးလို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။