DKBA ဌါနချုပ် ကို မြန်မာ စစ်တပ်က သိမ်း

walay_karen_refugee
Image caption ဝေါ်လေ ဘက် က ထိုင်း နိုင်ငံ ထံ ထွက်ပြေး လာရ တဲ့ သူတွေ

ထိုင်းမြန်မာ နယ်စပ် မြဝတီမြို့ကို မနေ့က ဝင်တိုက်ခိုက်ခဲ့တဲ့ ကရင် ဗုဒ္ဓဘာသာ အဖွဲ့ DKBA ဌါနချုပ် ဝေါ်လေမြိုင် စခန်း ကို မြန်မာ အစိုးရ စစ်တပ်က အင်္ဂါ နေ့ မနက် မှာ ဝင်သိမ်း ခဲ့ပါတယ်။

မြန်မာအစိုးရ စစ်တပ်တွေက DKBA ဌါနချုပ် ဝေါ်လေမြိုင် စခန်းကို အင်္ဂါနေ့ မနက် ၁၀ နာရီခန့် က စပြီး အဝေးပစ် မော်တာတွေ နဲ့ စတင် ပစ်ခတ်တိုက်ခိုက်ကာ မွန်းတည့်ချိန် လောက်မှာ အပြီး သိမ်းခဲ့တယ် လို့ သိရ ပါတယ်။

မဲဆောက်မြို့ တောင်ဘက် ကီလိုမီတာ ၁၂၀ အကွာလောက်မှာ ရှိတဲ့ အဲဒီ ဝေါ်လေရွာ က ရွာသား ၃၀၀၀ လောက်ဟာ ထိုင်းဘက် ကို ထွက်ပြေး လာကြ ပါတယ်။

ပြေးလာတဲ့ ဒုက္ခသည်တွေကို ကရင် အမျိုးသမီးအဖွဲ့ က ရေနဲ့ အစားအစာတွေ ဝေပေး ကူညီထား ပါတယ်။

ညနေပိုင်း မှာ တော့ ဝေါ်လေမြိုင် ကို သိမ်းထားတဲ့ မြန်မာစစ်တပ် က သူကြီး ကို လွှတ်ပြီး အေးချမ်း သွားပြီ ဖြစ်လို့ ရွာကို ပြန်လာ ကြဖို့ ပြောခိုင်း ပေမယ့် တချို့ကတော့ မပြန်ပဲ ဆက် နေ နေကြ ပါတယ်။

DKBA ဗိုလ်နှုတ်ခမ်းမွေး နဲ့ အဖွဲ့ဟာ ဝေါ်လေမြိုင်နဲ့ မဝေးတဲ့ ဦးတေထ ဆိုတဲ့ နေရာမှာ ရှိနေပြီး တောင်ဘက်က ထိုင်း ရွာ တွေ ရဲ့ တဖက်ကမ်း မြန်မာ ဘက်မှာတော့ KNU တပ်နဲ့ DKBA တချို့ရှိနေလို့ အင်္ဂါ နေ့ ညပိုင်း ဒါမှမဟုတ် နောက် တစ်ရက် မှာ တိုက်ပွဲတွေ ပြန်ဖြစ် လာနိုင်တယ် လို့ ယူဆ နေကြ ပါတယ်။