ဒီမိုကရေစီ တန်ဖိုး ကင်မရွန်း တရုတ်မှာပြော

Cameron
Image caption ပီကင်း တက္ကသိုလ်မှာ ကင်မရွန်း မိန့်ခွန်းပြော

ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက တရုတ်ရဲ့ စီးပွားရေးတိုးတက်လာမှုကို ကြိုဆိုခဲ့ သလို နိုင်ငံရေး ပိုမိုလွတ်လပ်လာဖို့ မျှော်လင့် ကြောင်း ပြောကြားခဲ့ပါတယ်။

ဗြိတိန်နဲ့ တရုတ် နှစ်နိုင်ငံကြား လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ရှုမြင်ပုံခြင်း မတူပေမယ့် တရုတ် နိုင်ငံရောက် ဗြိတိန် ဝန်ကြီးချုပ်ကတော့ နှစ်နိုင်ငံဖွံ့ဖြိုး ရေးအတွက် ပေါင်းလုပ်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

ဗြိတိန်အနေနဲ့ တရုတ်နဲ့ ကုန်သွယ်ရေး တိုးမြှင့်ဖို့ အတွက်သာမက ကမ္ဘာ့ကုန် သွယ်ရေးညီမျှရေး ပြန်လုပ်မယ်လို့ မစ္စတာကင်မရွန်းက ပြောပါတယ်။

ဘေဂျင်းကတရုတ်ကျောင်းသားတွေကို ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ ဗြိတိန် ဝန်ကြီးချုပ်က အစိုးရတရပ်မှာ အာဏာနဲ့အတူ လုပ်ဆောင်ပေးရမယ့် တာဝန်တွေလည်းရှိတဲ့အကြောင်း၊ ဗြိတိန်လူထုရဲ့ ဆန္ဒတွေအရ တရုတ်ရဲ့ လူ့အခွင့်အရေး ကိစ္စတွေကို ပြတ်ပြတ်သားသား ပြောဖို့ တာဝန်ရှိတယ်လို့ ပြောခဲ့ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ကျောင်းသားတွေကို ပြောတဲ့ မိန့်ခွန်းကို တရုတ်နိုင်ငံမှာ တိုက်ရိုက် ထုတ်လွှင့်ပြတာမျိုးမရှိဘဲ ဝန်ကြီးချုပ်ကလည်း တရုတ်ခေါင်း ဆောင်တွေကို လက်ချာပေးတဲ့ပုံ သင်ကြားပို့ချပေးတဲ့ပုံ မပေါ်အောင် သတိထားပြီး စကားပြောသွားတာ တွေ့ရပါတယ်။

နိုင်ငံရေးမှာ ဒီလိုပဲ အဖိအဖော့ အလျော့အတင်းတွေ ရှိသလိုပါပဲ၊ ဝန်ကြီးချုပ် ရဲ့ ဆင်ဆင်ခြင်ခြင် ပြောဆိုခဲ့မှုတွေရဲ့ အကျိုးဆက်အဖြစ် အမေရိကန်ဒေါ် လာ သန်းတစ်ထောင်ကျော်တန် ကုန်သွယ်ရေး သဘောတူညီမှုတွေ ဆောင်ရွက်နိုင်ခဲ့သလို ဒီပမာဏဟာ အများကြီး မဟုတ်ခဲ့ဘူး ဆိုရင်တောင် နှစ်နိုင်ငံ အနာဂတ် ကုန်သွယ်ရေးအတွက် အခြေခံကောင်း ဖြစ်သွားမှာဖြစ်ပါတယ်။

တရုတ်ပြည်က ဘီဘီစီသတင်းထောက်ကတော့ ဝန်ကြီးချုပ်ရဲ့ တရုတ်ခရီး စဉ်အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာကို အချက်နှစ်ချက်နဲ့ တိုင်းတာ ရမှာဖြစ်တယ်၊ ပထမတစ်ချက်က ယူကေ ကုမ္ပဏီတွေ အတွက် ကုန်သွယ်မှု စာချုပ်ဘယ်လောက် ရခဲ့သလဲ၊ အလုပ်တွေ ဘယ်လောက် ယူလာနိုင်သလဲ ဆိုတာနဲ့ တရုတ်အစိုးရ အနေနဲ့ အနောက်နိုင်ငံတွေနဲ့ စီးပွားရေးနဲ့ ကမ္ဘာ့ ရေးရာတွေမှာ ဘယ်လောက် ပိုပူးပေါင်းဆောင်ရွက်လာသလဲ ဆိုတာနဲ့ ချိန်ထိုး ကြည့်ရမယ်လို့ ပြောပါတယ်။

တခါ ဗြိတိန်ဝန်ကြီးချုပ်ဟာ အခုနှစ် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် အကျဉ်း ကျနေတဲ့ တရုတ် လူ့အခွင့်အရေး လှုပ်ရှားသူ လူရှောင်ဘိုနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ထုတ်ဖော်မပြောခဲ့တဲ့အတွက် တရုတ်ပြည်တွင်းမှာ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်ရဲ့ တရုတ်ပြည် ခရီးစဉ်ဟာ တရုတ်နဲ့ကုန်သွယ်ရေးကိုပဲ အဓိကထား ဆောင်ရွက်ဖို့ ရည်ရွယ်ရင်းရှိတာမို့ ဝန်ကြီးချုပ်ဟာ နိုင်ငံရေးအရ အရေးကြီးတဲ့ ပြောဆိုမှုတွေကို ရှောင်ရှားခဲ့ပါတယ်။