ဒေါ်စု လွတ်လာတာအပေါ် လူငယ်တွေရဲ့ အမြင်

Daw Aung San Suu Kyi
Image caption ဒေါ်အောင်ဆန်း စုကြည်ကို လာရောက် ကြိုဆို နေကြသူတွေ

ဒီကနေ့ ညနေ ၅နာရီကျော်မှာ နေအိမ် အကျယ်ချုပ်ကနေ ဒေါ်အောင်ဆန်း စုကြည် ပြန်လည် လွတ်မြောက်လာတဲ့ အတွက် NLD လူငယ်တွေရော ပြည်တွင်း ပြည်ပက မြန်မာ လူငယ်တွေပါ ဝမ်းသာ ကြည်နူး ဖြစ်ခဲ့ကြရပုံကို လူငယ် တချို့က ဘီဘီစီကို ပြောပြကြပါတယ်။

ဒေါ်အောင်ဆန်း စုကြည် နေအိမ် အကျယ်ချုပ် က လွတ်မြောက်လာမယ်ဆိုလို့ အိမ်ရှေ့မှာ ကြိုတင်ပြီး လာစောင့်နေခဲ့တဲ့ NLD လူငယ် မသီရိသက်ဝေ က ဒီလောက် ဝမ်းသာတဲ့နေ့မျိုး ရှိတောင် ရှိမယ်လို့ မထင်တဲ့ အကြောင်း၊ အိမ်ရှေ့မှာ လူတွေက များလွန်းလို့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ မျက်နှာကို မြင်လိုက်ရပေမယ့် ဒေါ်အောင်ဆန်း စုကြည် ဘာပြောသွားလဲ ဆိုတာကိုတော့ မကြားလိုက်ရတဲ့ အကြောင်းနဲ့ မိမိတို့ရဲ့ ခေါင်းဆောင်ဟာ သူလုပ်သင့် တာတွေ အားလုံး လုပ်ပေး လိမ့်မယ်လို့ မျှော်လင့်မိတဲ့ အကြောင်း ပြောပါတယ်။

ပဲခူးကနေ လာစေါင့်နေတဲ့ NLD လူငယ် မအိအိမိုးကလည်း ဒေါ်အောင်ဆန်း စုကြည်ကို မြင်လိုက်ရတော့ ရင်ထဲက ပြောချင်တဲ့ စကားတွေက များနေပြီး စကားတွေ အစား မျက်ရည်တွေသာ ကျလာတဲ့အကြောင်း သူတို့အနေနဲ့ လဲစရာ အဝတ်အစားတောင် အပို ပါမလာပဲ မနေ့ကတည်းက လာပြီး စောင့်နေခဲ့တာ ဖြစ်ကြောင်း ဘီဘီစီကို ပြောပြပါတယ်။

တောင်ဥက္ကလာက လူငယ် ကိုသက်ဦးဝေ ကတော့ သူဟာ ဆယ်တန်း ကျောင်းသား တစ်ဦး ဖြစ်တဲ့ အကြောင်း ဒေါ်အောင်ဆန်း စုကြည် လွတ်လာမယ် ဆိုလို့ လာစောင့်နေတာ ၂ ရက်ရှိပြီဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်အကြောင်းကို လူငယ်တယောက်အနေနဲ့ အများကြီး သိတဲ့အကြောင်း နိုင်ငံအပေါ် ထားရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သစ္စာတရားဟာ လူတိုင်းအပေါ် လွှမ်းမိုးနိုင်ပါတယ်လို့ ပြောသွားပါတယ်။

ရန်ကုန်မြို့က NLD လူငယ်တစ်ဦး ဖြစ်တဲ့ ကိုရာဇာကလည်း ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်လာတာကို လူထုက ကုက္ကိုင်းမီးပွိုင့်ကနေ လှည်းတန်းမီးပွိုင့်အထိ လူပင်လယ်ကြီး ဖြစ်အောင် လာပြီး ကြိုဆိုကြတဲ့ အကြောင်း မိမိအဖို့ ဝမ်းသာဝမ်းနည်း ဖြစ်ပြီး ဂယောင်ခြောက်ခြား ဖြစ်နေခဲ့တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာကို မြင်လိုက်ရတဲ့အချိန်မှာတော့ ပင်ပမ်းမှုတွေအားလုံး ပျောက်ကင်း သွားရပါတယ်လို့ ပြောသွားပါတယ်။

Image caption ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းကြားပြီး လူတွေ ဝမ်းသာ အားရ ပြေးလာကြ

ပြည်တွင်းက လူငယ်တွေက ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်လာတဲ့အပေါ် သူတို့အမြင် ခံစားချက်တွေကို ပြောပြသွားကြသလိုပဲ ပြည်ပရောက် မြန်မာနိုင်ငံသား လူငယ်တွေကလည်း သူတို့ခံစားချက်တွေကို ဘီဘီစီကိုပြောပြကြပါတယ်။

လန်ဒန်ရောက် ဗကသ လူငယ် မသန္တာက ဒေါ်အောင်ဆန်း စုကြည် ကျန်းကျန်းမာမာ လွတ်လာတာ တွေ့ရလို့ အရမ်း ဝမ်းသာ ကြည်နူးမိတဲ့အကြောင်း၊ ဒေါ်အောင်ဆန်း စုကြည်ဟာ တိုင်းပြည် ပြုပြင်ပြောင်းလဲအောင် လုပ်နိုင်တဲ့ ခေါင်းဆောင် တယောက် ဖြစ်တဲ့အတွက် လူငယ်တွေအပြင် တတိုင်း တပြည်လုံးအတွက် အရေးကြီးတယ်လို့ သူမြင်တဲ့အကြောင်း ပြောပါတယ်။

NLD လူငယ်တစ်ဦးဖြစ်တဲ့ မသင်းသင်းဦးကလည်း ရွေးကောက်ပွဲ ဝင်ကြတဲ့ ပါတီတွေနဲ့ အစိုးရဘက်ကပါ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်း ဆောင်ရွက်သင့်တဲ့ အကြောင်း ပြောင်းလဲမှုတွေလည်း ဖြစ်ပေါ်လာနိုင်လိမ့်မယ်လို့ သူမျှော်လင့်တဲ့ အကြောင်း ပြောပါတယ်။

ဂျပန်နိုင်ငံက NLD သုံးရောင်ချယ် လူငယ်အဖွဲ့ဝင် ဖြစ်ခဲ့တဲ့ ကိုဘုန်းမြင့်ထွန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မိမိတို့ တိုင်းပြည်ရဲ့ အမျိုးသား ခေါင်းဆောင် ဖြစ်တဲ့အကြောင်း ဒေါ်အောင်ဆန်း စုကြည်ဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး စတာတွေ ရဖို့အတွက် ဦးဆောင် ဦးရွက် လုပ်သွားနိုင်လိမ့်မယ်လို့ သူမြင်တဲ့ အကြောင်း ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဆုံးမ သြဝါဒကို နားထောင်ပြီး နောက်ကနေ လိုက်ပါ ပံ့ပိုးသွားမှာ ဖြစ်တဲ့အကြောင်းနဲ့ တိုင်းပြည်တွင်းမှာ မနေပေမယ့်လည်း ဒေါ်စုနဲ့ ဘယ်တော့မှ မဝေးပဲ စိတ်ကတော့ ဒေါ်စုအနီးတဝိုက်မှာပဲ ရှိနေမှာ ဖြစ်တဲ့အကြောင်း ဘီဘီစီကို ပြောပါတယ်။

ကနေဒါ နိုင်ငံက ချင်းအမျိုးသမီးလေး မိုင်ပိုပိုကလည်း ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်လာတဲ့အတွက် သူ့အနေနဲ့ အထူးဝမ်းသာတဲ့ နေ့တနေ့ ဖြစ်တဲ့အကြောင်း ဒေါ်အောင်ဆန်း စုကြည်သာလျင် မြန်မာပြည်သူ တရပ်လုံး ယုံကြည်နိုင်တဲ့ ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်တဲ့အကြောင်း လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အကျပ်အတည်းတွေ အားလုံးကို ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ ဖြေရှင်းနိုင်တဲ့ ခေါင်းဆောင်ဖြစ်တယ်လို့ သူယုံကြည်တဲ့ အကြောင်း ပြောပါတယ်။