ပြည်သူတွေရဲ့ ယုံကြည် ထောက်ခံမှု လိုတယ်လို့ ဒေါ်စုပြော

assk_speech
Image caption ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကို လာရောက် နားဆင်တဲ့ ပြည်သူတွေ

နေအိမ် အကျယ်ချုပ်ကနေ မနေ့က လွတ်မြောက် လာခဲ့တဲ့ ဒေါ်အောင်ဆန်း စုကြည်က ပြည်သူတွေ အနေနဲ့ နိုင်ငံရေးကို နားလည်ဖို့ လိုကြောင်းနဲ့ အုပ်ချုပ်သူကို ပြည်သူက ထိန်းနိုင်ရမယ် ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့က အမျိုးသား ဒီမိုကရေစီ ရုံးချုပ် ရှေ့မှာ လူထုကို ဒီကနေ့ မိန့်ခွန်း ပြောကြား ရာမှာ ဒေါ်အောင်ဆန်း စုကြည်က ပြည်သူ အကြား အမျိုးသား ရင်ကြားစေ့ရေးကို သူ့အနေနဲ့ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပြီး ပြည်သူလူထုရဲ့ ယုံကြည်မှု၊ ထောက်ခံ အားပေးမှု လိုအပ်နေကြောင်းနဲ့ မြန်မာ ပြည်သူတွေအနေနဲ့ မျှော်လင့်ချက် မစွန့်ကြဖို့ ပြောသွားပါတယ်။

မြန်မာ အစိုးရ အပေါ် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်ထားတာကို ပြန်ရုတ်သိမ်း ပေးရေး အတွက် အနောက်အုပ်စု နိုင်ငံတွေနဲ့ ဆွေးနွေးဖို့ စိတ်ဆန္ဒ ရှိတယ် လို့လည်း ဆိုပါတယ်။

နေအိမ် အကျယ်ချုပ်ကနေ လွတ်မြောက်လာခဲ့အပြီး ပထမဆုံး ပြည်ပ မီဒီယာ ဆက်သွယ် မေးမြန်းခန်းဖြစ်တဲ့ ဘီဘီစီ မြန်မာပိုင်း အစီအစဉ်နဲ့ ဆက်သွယ် မေးမြန်းခန်း ထဲမှာ ဒေါ်အောင်ဆန်းစုကြည် က ဒီမိုကရေစီ အင်အားစုတွေ အားလုံးနဲ့ လက်တွဲ ဆောင်ရွက် သွားဖို့ သူ့အနေနဲ့ အဆင်သင့် ရှိတယ်လို့ ပြောသွားပါတယ်။

သူ့ကို ထိန်းသိမ်းထားခဲ့တဲ့ စစ်အစိုးရ ခေါင်းဆောင်ပိုင်း အပေါ်မှာလည်း အာဃာတစိတ် မထားရှိဘူးလို့လည်း ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည် အကျယ်ချုပ်က လွတ်မြောက်လာစဉ် မနေ့တုန်းက ထောင်သောင်း ချီတဲ့ လူအုပ်ကြီးက လှိုက်လှိုက်လှဲလှဲ လာရောက် ကြိုဆိုခဲ့ကြသလို ဒီကနေ့ မှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို လူ ထောင်ပေါင်းများစွာ လာရောက် နားထောင် ခဲ့ကြပါတယ်။