သတင်း ပေါက်ကြားမှုတွေကို အရေးယူမယ်လို့ အမေရိကန် ပြောကြား

Image caption wikileaks logo ကို တယ်လီဖုန်း ပေါ်မှာ တွေ့ရပုံ

wikileaks ဟာ အခုရက်ပိုင်း ကမ္ဘာ့ သတင်းလောက မှာ သိတ်ကို ရေပန်းစားနေတဲ့ နာမည်တစ်ခုပါ။

အမေရိကန် အစိုးရ ဌာနချင်း၊ နောက် သံတမန်တွေက မိခင်ဌာနကို ပြန်ဆက်သွယ်တဲ့ သတင်းပေးပို့ချက်တွေ၊ ထောင်သောင်းချီတဲ့ မှတ်တမ်းတွေကို ဒီ ဝီကီလိက်စ် ဝက်ဘ်ဆိုက်က ထုတ်ဖော် ဖွင့်ချလိုက်ပါတယ်။

သူတင်မကပါဘူး ကမ္ဘာ့ သတင်းဌာနကြီး တချို့ကိုပါ ဆက်သွယ်ပြီး ပေးပို့လိုက်တော့ ဒီလျှို့ဝှက် မှတ်တမ်းတွေဟာ တကမ္ဘာလုံး ပြန့်ကုန်ပါတယ်။

အမေရိကန် အစိုးရအတွက် အရှက်ရစရာ အတွင်းရေးတွေ အတွင်းစကားတွေ ပေါ်ကုန်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ကတော့ ဒီလို ထုတ်ဖော် လိုက်တာဟာ အမေရိကန် ဝန်ထမ်းတွေ အတွက် အန္တရာယ် ရှိစေတယ်ဆိုပြီး လျှို့ဝှက်ချက်တွေကို ခိုးယူသူတွေကို အရေးယူမယ်လို့ ပြောပါတယ်။

ဒါ့အပြင် အမေရိကန်ရဲ့ သံတမန်ရေးဆိုင်ရာ လျှို့ဝှက်ချက် စာတွေ သတင်း ပေးပို့ချက်တွေ ပေါက်ကြား ဖော်ပြမှုဟာ အမေရိကန်ကို သာမက နိုင်ငံတကာ အသိုင်းအဝိုင်း ကိုပါ တိုက်ခိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံတိုင်းဟာ တခြား နိုင်ငံတွေနဲ့ ရိုးရိုးသားသား သီးသန့် ဆွေးနွေး ပြောဆိုမှုတွေ လုပ်နိုင်ခွင့်ရှိသင့်တဲ့အကြောင်း ၊ အမေရိကန် အစိုးရနဲ့ တခြား နိုင်ငံအစိုးရတွေရဲ့ ဆက်ဆံရေးဟာ အခုလို လျှို့ဝှက်ချက် ပေါက်ကြားမှု ကြောင့် ထိခိုက်နိုင်စရာ မရှိပါဘူးလို့လည်း မစ္စက် ကလင်တန်က ပြောပါတယ်။

အခုအထိ ဒီလျှို့ဝှက် မှတ်တမ်းတွေ ဘယ်လို ပေါက်ကြားတယ်ဆိုတာ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

လောလောဆယ် သံသယရ ထင်ခံနေရသူ ကတော့ အီရတ်မှာ ထောက်လှမ်းရေး သတင်း သုံးသပ်သူ လုပ်ခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် အမေရိကန် စစ်သား ဘရေဒလီ မန်းနင်းဆိုသူ ဖြစ်ပါတယ်။

သူက သီချင်းစီဒီ တချပ် နားထောင်ဖို့ ကွန်ပြူတာထဲ ထည့်သလိုနဲ့ အချက်အလက် မှတ်တမ်း သောင်းချီပြီး ကူးယူခဲ့တယ်လို့ သူကိုယ်တိုင်က ကွန်ပြူတာ ဟက်ကာ တစ်ယောက်ဆီရေးတဲ့ အီးမေးလ်ထဲမှာ ပြောခဲ့ဘူးသူ ဖြစ်ပြီး နောက်ပိုင်း သူ အဖမ်းခံခဲ့ ရပါတယ်။

သူက မှတ်တမ်းဖိုင်တွေကို ဝီကီလိက်စ် ဝက်ဘ်ဆိုက်ပေါ်မှာ တင်လိုက်သလို ဝီကီလိက်စ်ကလည်း သတင်းဌာနတွေကို ဆက်ပြီး ဆက်သွယ် ပေးပို့ခဲ့ပါတယ်။

ဒီလိုနဲ့ အမေရိကန် ဌာနတွေရဲ့ အီရတ်မှာ အာဖဂန်နစ္စတန်မှာ ပြောဆို ဆက်သွယ်တဲ့ မှတ်တမ်းတွေ၊ သံရုံးတွေရဲ့ သတင်းပို့ချက်တွေ ပြန့်ကုန်ပါတယ်။

တကယ်တော့ အမေရိကန်မှာ ၂၀၀၁ ခု စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှု အပြီးမှာ ထောက်လှမ်းရေး ဌာနတွေက အချင်းချင်း သတင်းဖလှယ်မှု အားနည်းတယ် ဆိုပြီး ဝေဖန်မှုတွေ ရှိခဲ့လို့ နောက်ပိုင်းမှာ သတင်း အချက်အလက်တွေ အများကြီး စုပြီး လူတွေလည်း အများကြီး ပိုပြီး ကြည့်နိုင်အောင် စီစဉ် လာခဲ့တာ ဖြစ်ပါတယ်။

အခုဆို လျှို့ဝှက် အဆင့် မှတ်တမ်းတွေ ကြည့်ခွင့် ရှိသူက ၃ သန်းလောက် အထိတောင် ရှိနေပါတယ်။

ဒီတော့ သတင်းတွေ ပေါက်ကြားဖို့က ပိုပြီး လွယ်လာပါတယ်။

နောက်တခါ တိုးတက်တဲ့ နည်းပညာတွေ ကြောင့် အရင်ကဆို ထရပ်ကားနဲ့ အစီးစီး တိုက်ယူရမယ့် မှတ်တမ်းတွေကို စီဒီပြား အလွတ်တချပ် ကွန်ပြူတာ မင်မိုရီ ပြားလေးတခုနဲ့ အလွယ်တကူ သယ်သွားလို့ ရနေပြီ ဖြစ်ပါတယ်။