အိုင်ဗရီကို့စ နိုင်ငံရေး အကျပ်အတည်းဆိုက်နေ

Laurent Gbagbo
Image caption လက်ရှိ သမ္မတ ကျမ်းသစ္စာ ကျိန်ဆို

အိုင်ဗရီကို့စနိုင်ငံမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ သမ္မတ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ သမ္မတလောင်း နှစ်ယောက် စလုံးက မနေ့က နာရီပိုင်းပဲ ခြားပြီး သမ္မတအဖြစ် အသီးသီး ကျမ်းသစ္စာ ကျိန်ဆိုခဲ့တဲ့အတွက် နိုင်ငံရေး တင်းမာမှု အရှိန်မြင့်လာပါတယ်။

သူ့ကိုယ်သူ ရွေးကောက်ပွဲမှာ အနိုင်ရသူ အဖြစ် ကြေငြာခဲ့တဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်လုံးလုံး နိုင်ငံတော် အကြီးအကဲ လုပ်ခဲ့တဲ့ လက်ရှိသမ္မတ လောရင့်ဂဘက်ဘိုက အရင်ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး နာရီပိုင်းအတွင်းမှာ ပြိုင်ဘက် အူယာတားရားက ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။

သူ့ရဲ့ ကြေငြာချက်ကို ပြိုင်ဘက် သမ္မတလောင်းအပြင် ရွေးကောက်ပွဲ ကော်မရှင်နဲ့ ကုလ သမဂ္ဂကပါ ငြင်းနေပါတယ်။

လက်ရှိသမ္မတကတော့ သူ့အခေါ် ပြည်ပက စွက်ဖက် နှောက်ယှက်မှုတွေကို ပြစ်တင် ဝေဖန်ခဲ့ပါတယ်။

အိုင်ဗရီကို့စနိုင်ငံမှာ ဆယ်စုနှစ်တခုကြာ အကျပ်အတည်းကို ဖြေရှင်းဖို့ သမ္မတရွေးကောက်ပွဲ ခေါ်ခဲ့တာ ဖြစ်ပေမဲ့ ခုတော့ နောက်ထပ် အကျပ်အတည်းတခု ထပ်ဆိုက်မဲ့ အနေအထားကို ရောက်နေပါတယ်။

နိုင်ငံတကာ စာမျက်နှာမှာတော့ လက်ရှိ သမ္မတကို ဘေးဖယ်ပေးဖို့ ဖိအားပေးမှုတွေ ရှိနေပါတယ်။

အာဖရိက သမဂ္ဂက ရွေးကောက်ပွဲ ရလာဒ်ကို ပျက်ပြယ်အောင် လုပ်တဲ့သူ ဘယ်သူ့ကိုမဆို အရေးယူမယ်လို့ ပြောနေပါတယ်။

အိုင်ဗရီကို့စက အခြေအနေကို ဆွေးနွေးဖို့ အာဖရိက သမဂ္ဂက ခုရက်ပိုင်း အတွင်းမှာ အစည်းအဝေးခေါ်မယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းကလည်း လက်ရှိ သမ္မတကို ရာထူးက နှုတ်ထွက်ပေးဖို့ တောင်းဆိုနေပါတယ်။