မြန်မာ စစ်ပြေး ဒုက္ခသည်တွေကို ထိုင်းက ပြန်ပို့

dkba_refugees
Image caption မြန်မာပြည် နယ်စပ် က တိုက်ပွဲ တွေကြောင့် ဒုက္ခသည် တွေ ထပ်ထွက်လာကြ

ထိုင်းမြန်မာ နယ်စပ် မြဝတီမြို့တောင်ဘက် ဖလူး နဲ့ ဝေါ်လေ ဒေသ တွေမှာ တိုက်ပွဲတွေ ဖြစ်လို့ ထိုင်းနိုင်ငံ ဘက် ထွက်ပြေး တိမ်းရှောင် လာတဲ့ မြန်မာ စစ်ပြေး ဒုက္ခသည် တွေကို ထိုင်းအာဏာပိုင်တွေ က မြန်မာ စစ်အစိုးရ စစ်တပ်နဲ့ ညှိနှိုင်း ဆွေးနွေးပြီး မြန်မာနိုင်ငံဘက် ကို အင်္ဂါနေ့ က ပြန်ပို့ ပေးနေ ပါတယ်။

ဒီလို ပြန်ပို့ ခဲ့တဲ့ ဒုက္ခသည်တွေဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် မဲ့ကိုကင်းရွာ ကို ထွက်ပြေး လာကြတဲ့ ဒုက္ခသည်တွေ နဲ့ ဖုတ်ဖရမြို့နယ် ဝေါ်လေရွာ ကို ထွက်ပြေးလာတဲ့ ဒုက္ခသည် တွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ မင်းလက်ပံရွာ က ထွက်ပြေး တိမ်းရှောင်လာတဲ့ စစ်ပြေး ဒုက္ခသည် တစ်ယောက် က မိမိတို့အနေနဲ့ကတော့ အေးအေးဆေးဆေး ဖြစ်မှ ပြန်မယ်လို့ စဉ်းစား ထား တာ၊ အခု တိုက်ပွဲတွေ ကတော့ ဖြစ်နေ တာပဲ၊ ဒါပေမယ့် ပြန်ဆို တော့လည်း ပြန်ကြ ရဖို့ ပဲ ရှိတယ် လို့ ဘီဘီစီ ကို ပြောပါတယ်။

စစ်ပြေး ဒုက္ခသည် တွေ ပြန်ပို့ နေတဲ့ အချိန်မှာ မြန်မာပြည် ဘက်မှာ လက်နက်ကြီး ပစ်သံ တွေ ကို ကြားနေ ရဆဲပါ။

ဒါကြောင့်မို့ ဒီ စစ်ပြေး ဒုက္ခသည်တွေ အတွက် လူသားချင်းစာနာ ထောက်ထားပြီး တရားဝင် ဒုက္ခသည် အဆင့်မျိုးမရနိုင်ဘူး ဆိုရင် တောင်မှ အနည်းဆုံးတော့ လုံခြုံ စိတ်ချ ရတဲ့ နေရာ ထိုင်ခင်း တခုတော့ ဒေသခံ တာဝန်ရှိသူတွေ အနေ နဲ့ စီစဉ်ပေးသင့် ပါတယ် လို့ ထိုင်းမြန်မာ နယ်စပ် မှာ နေထိုင်ကြတဲ့ မြန်မာ နိုင်ငံသားတွေ ကို အခမဲ့ ဆေးကုသမှု ပေးနေ တဲ့ ဒေါက်တာ စင်သီယာမောင် က ဘီဘီစီကို ပြောပါတယ်။

အခု ပြန်ကြ ရသူတွေ ကတော့ မယ့်ကိုကင်း နဲ့ ဝေါလေ ယာယီ စစ်ပြေး ဒုက္ခသည် စခန်းတွေ ထဲက လူ ၁၀၀၀ ကျော်စီ ရှိတဲ့ အထဲက ၆၀၀ ကျော် စီ ပြန်သွားကြ ပါတယ်။

မပြန်ပဲ ကျန်နေသူ တွေ ကိုတော့ ထိုင်း ဘက် က အတင်း အကြပ် ပြန်ပို့တာတော့ မရှိသေး ဘူး လို့ သိရ ပါတယ်။