Assange အဖမ်းခံရတာကို Robert Gates ကြိုဆို

Assange
Image caption Julian Assange အဖမ်းခံခဲ့ရအပြီး တရားရုံး ကို ခေါ်ဆောင်သွားစဉ်

အမေရိကန် သံတမန်တွေရဲ့ လျှို့ဝှက် ဆက်သွယ်ပြောဆိုချက်တွေကို ဖွင့်ချ ဖေါ်ထုတ်ခဲ့တဲ့ Wikileaks website တည်ထောင်သူ Julian Assange ကို လန်ဒန်မြို့မှာ ထိန်းသိမ်းလိုက်တာနဲ့ ပတ်သက်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Robert Gates က ကြိုဆို လိုက်ပါတယ်။

ဒါဟာ သတင်းကောင်း တရပ်ပဲလို့ မစ္စတာ ဂိတ်စ် က ပြောပါတယ်။

အမေရိကန် သံတမန်တွေရဲ့ လျှို့ဝှက် ပြောဆိုချက် အထောက်အထား ထောင်ပေါင်း များစွာကို Wikileaks က ဖွင့်ချ ခဲ့တဲ့အတွက် အမေရိကန် အစိုးရ အကြီးအကျယ် ဒေါသထွက်ခဲ့ပါတယ်။

မစ္စတာ အာဆွန်းကို လိင်ကိစ္စ စွဲချက်နဲ့ ဆွီဒင်ရဲတွေက အလိုရှိနေပြီး ဆွီဒင်နိုင်ငံက ထုတ်ထားတဲ့ ဖမ်းဝရမ်းနဲ့ သူ့ကို ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

မစ္စတာ အာဆွန်းကတော့ ဒီစွဲချက်တွေကို ငြင်းဆိုထားပါတယ်။

သူ့ကို အာမခံနဲ့ ပြန်လွှတ်ပေးဖို့ လန်ဒန် တရားရုံးက ငြင်းဆန်ခဲ့ပေမဲ့ ဆွီဒင်နိုင်ငံကို လွှဲပြောင်းတာမျိုး မလုပ်အောင် တရားရုံးမှာ ဆက် ရင်ဆိုင်သွားမယ်လို့ သူ့ရှေ့နေက ပြောပါတယ်။

မစ္စတာ အာဆွန်း အပေါ် အခုလို စွဲချက်တွေ တင်နေတာဟာ နိုင်ငံရေး အကြောင်းရင်းခံ တွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

Wikileaks website အနေနဲ့ အမေရိကန် သံတမန်ရေး လျှို့ဝှက်ချက်တွေကို ဆက်လက် ထုတ်ပြန်သွားမယ်လို့ လည်း သူ့ရှေ့နေက ပြောသွားပါတယ်။

ဗြိတိသျှ အစိုးရကတော့ မစ္စတာ အာဆွန်းကို အခုလို ဖမ်းဆီးခဲ့မှုဟာ ရဲတွေနဲ့ပဲ ဆိုင်ပြီး ဝန်ကြီးအဆင့်နဲ့ မပတ်သက်ဘူးလို့ ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ Visa card ကုမ္ပဏီကြီးက wikileaks website မှာ ငွေရေးကြေးရေး အဆက်အဆံတွေ ရပ်ဆိုင်းလိုက်ပါတယ်။

ဒီ့အရင်က Mastercard နဲ့ Paypal ကုမ္ပဏီတို့ကလည်း wikileaks နဲ့ ငွေကြေး ဆက်ဆံမှုတွေ ရပ်ဆိုင်းခဲ့ပြီး ဖြစ်ပါတယ်။