ဗြိတိန် တက္ကသိုလ်တွေ ကျောင်းလခ သုံးဆ တိုးမြှင့်မယ်

Image caption အဆောက်အဦ မှန်တွေကို ရိုက်ဖျက်နေတဲ့ ဆန္ဒပြ သမားတွေ

ဗြိတိန်မှာ တက္ကသိုလ် ပညာသင် စရိတ် တိုးမြှင့်မှုကို မကျေနပ်လို့ လန်ဒန်မြို့လယ်မှာ ဆန္ဒပြသူတွေနဲ့ ရဲတွေကြား အဓိကရုန်းတွေ ဖြစ်ပွားခဲ့ပါတယ်။

တနေရာမှာ ဆန္ဒပြသူတွေဟာ ရဲအတားအဆီးတွေကို ဖြတ်ကျော်ကာ ဝေလမင်းသား Charles နဲ့ သူ့ရဲ့ ကြင်ယာတော် Camilla တို့ စီးလာတဲ့ မော်တော်ယာဉ်ကို တိုက်ခိုက်ခဲ့ ကြပါတယ်။

သူတို့ဟာ ကားမှန် ပြုတင်းပေါက်ကို ရိုက်ခွဲခဲ့ပြီး ကားပေါ်ကိုလည်း သုတ်ဆေးတွေနဲ့ ပက်ခဲ့ကြပါတယ်။

သတင်းဓါတ်ပုံတွေအရ ကမ်မီလာက ထိတ်လန့်တကြား ဖြစ်နေပေမယ့် ကားပေါ်ပါ သူတို့နှစ်ယောက်လုံး တစုံတရာ ထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။

ပါလီမန်နားက အစိုးရ အဆောက်အဦတွေနဲ့ ရုပ်ထုတွေကို ဖျက်ဆီး တိုက်ခိုက် ခံရပြီး လန်ဒန်က အစည်ကားဆုံး စျေးဝယ်ရာ လမ်းမကြီးဖြစ်တဲ့ Oxford Street က ဆိုင်ပြုတင်းပေါက် မှန်တွေကိုလည်း ရိုက်ခွဲခံရပါတယ်။

ရဲအရာရှိ ဆယ့်နှစ်ယောက် အပါအဝင် လူလေးဆယ်ကျော် ဒဏ်ရရခဲ့တယ်လို့ သိရပါတယ်။

လန်ဒန်မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကို ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်က လုံးဝ လက်ခံနိုင်စရာမရှိဘူးလို့ ပြောကြားလိုက်ပါတယ်။

လူတွေဟာ ငြိမ်းချမ်းစွာ ဆန္ဒပြပိုင်ခွင့် ရှိပေမယ့် အကြမ်းဖက်မှု ဖြစ်အောင် စေ့ဆော် ရန်စတဲ့သူတွေဟာ ဥပဒေကြောင်းအရ ရင်ဆိုင်ရမယ်လို့ ဆိုပါတယ်။

လန်ဒန်က ပုလိပ် ကော်မရှင်နာ မင်းကြီး ဆာပေါလ် စတီဗင်ဆင်ကတော့ အခု အကြမ်းဖက်မှု ကျူးလွန်သူတွေကို ဖော်ထုတ် အရေးယူမယ်လို့ ကတိပေး ပြောကြား လိုက်ပါတယ်။

ဗြိတိန်မှာ တက္ကသိုလ် ပညာသင်စရိတ်ကို လက်ရှိကနေ သုံးဆ တိုးမြှင့်မယ့် အစိုးရရဲ့ အစီအစဉ်ကို ပါလီမန်ထဲမှာ မဲခွဲဆုံးဖြတ်ရာမှာ ၂၁မဲအသာနဲ့ အစောပိုင်းတုန်းက အတည်ပြုခဲ့ ပါတယ်။

လက်ရှိ အာဏာရ ညွန့်ပေါင်း အစိုးရအဖွဲ့ထဲမှာ ကွန်ဆာဗေးတစ်နဲ့ လစ်ဘရယ် ဒီမိုကရက်အမတ်တွေ ဟာ အတိုက်အခံထက် ဂဝကျော် ရှိပေမယ့် ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မတိုင်ခင်တုန်းက လစ်ဘရယ် ဒီမိုကရက်တွေအားလုံး တက္ကသိုလ် ပညာသင်စရိတ်ကို မတိုးပါဘူးလို့ လက်မှတ်ထိုးထားခဲ့တဲ့ အတွက် ထောက်ခံမဲ မပေးဘဲ နေခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီအစီအစဉ်အရ ကျောင်းသားတွေဟာ ကျောင်းလခပေးဖို့ ငွေချေးနိုင်ပေမယ့် ကျောင်းပြီးလို့ အလုပ်လုပ်တဲ့အခါ နှစ်စဉ်လစာကြေးက သတ်မှတ်ထားတဲ့ ပမာဏထက် ကျော်လွန်ရင် ဒီချေးငွေကို ပြန်ဆပ်ရမှာ ဖြစ်ပါတယ်။