တရုတ်က ရွှေလီမြစ်ညှာ မှာ ရေကာတာဆောက်လို့ မြန်မာတွေ ဒုက္ခတွေ့ကြရ

shan_china_map
Image caption နယ်စပ် က တရုတ် ရေကာတာ ကြောင့် မြန်မာ ပြည်သူ တွေ ပြဿနာ ကြုံရ

တရုတ်နိုင်ငံ ယူနန် ပြည်နယ် ကနေ ရှမ်းပြည်နယ်ထဲ ဖြတ်သန်းစီးဆင်းတဲ့ ရွှေလီ မြစ်ညှာပိုင်း မှာ အမြင့်ပေ ၃၆၀ ရှိတဲ့ ရေကာတာ တစ်ခု ကို တရုတ် နိုင်ငံ က တည်ဆောက် လိုက်လို့ မြစ် အောက်ပိုင်း မြန်မာနိုင်ငံ ဘက် မှာ နေထိုင်သူ လူပေါင်း ၁၆၀၀၀ လောက် လုပ်ကိုင် စားသောက်လို့ မရတဲ့ အခြေအနေ ကို ရောက်ကြ ရတယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် ရှမ်းသဘာဝ ပတ်ဝန်း ကျင် ရေးရာ အဖွဲ့ နဲ့ ရှမ်း အမျိုးသမီး ရေးရာ ဆက်သွယ် လှုပ်ရှား ဆောင်ရွက်ရေး အသင်း တို့က ပူးတွဲ အစီရင်ခံစာ ထုတ်ပြန်တဲ့ အထဲမှာ ဖေါ်ပြ လိုက်ပါတယ်။

ရှမ်း သဘာဝ ပါတ်ဝန်းကျင် ရေးရာ အဖွဲ့ ပြောခွင့်ရသူ ကိုစိုင်းစိုင်း က တရုတ် က ရေကာတာ မှာရှိတဲ့ ရေတံခါး ကို ပိတ်လိုက်တဲ့ အခါ ရေက အရမ်းနည်းပြီး ဖွင့်ချတဲ့ အခါ ရေက ချက်ချင်း များလာတာမျိုးတွေ ရှိလို့ နယ်စပ် ကုန်သွယ်ရေး နဲ့ လှေလုပ်ငန်း လို သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း မှာ ဆိုးကျိုးတွေ ဖြစ်ရတယ် လို့ ဘီဘီစီ ကို ပြော ပါတယ်။

ဒီလို ရေကာတာ ဆောက်မယ် ဆိုတဲ့ ကိစ္စ ၂ နိုင်ငံဆွေးနွေးတာ မကြားခဲ့ ရတဲ့ အကြောင်း နဲ့ ရေကာတာ ဆောက်မယ် ဆိုပြီး ဒေသခံ တွေ ကို တရုတ်ဘက် ကရော မြန်မာ အစိုးရ ကပါ ကြိုတင် လာရောက် ရှင်းပြ ညှိနှိုင်း တာမျိုး တွေလည်း မရှိခဲ့တဲ့ အပြင် နစ်နာရတဲ့ ဒေသခံ တွေ အတွက် နစ်နာကြေး လို ကိစ္စတွေ ကို လည်း အစိုးရ ဘက်က ဆောင်ရွက် ဖြေရှင်း ပေးတာမျိုး တွေ လုံးဝ မရှိတဲ့ အကြောင်း ကိုစိုင်းစိုင်း က ပြောပါတယ်။

ဒါပေမယ့်လည်း တရုတ်က ၂ နိုင်ငံ ပတ်သက်နေတဲ့ မြစ် ပေါ်မှာ ရေကာတာ လုပ်မယ်ဆိုရင် သဘာဝ ပတ်ဝန်းကျင် နဲ့ ဖြစ်ပေါ် လာနိုင်တဲ့ ဆိုးကျိုးတွေ ကိုလည်း လေ့လာ သင့်ပြီး ဒေသခံ တွေ ပါဝင် ပူးပေါင်း ဆောင်ရွက်မှု ဖြစ်လာ အောင်လည်း ကြိုတင် လုပ်သင့်ကြောင်း ဒေသခံ တွေ က တောင်းဆို ထားကြတယ် လို့ ကိုစိုင်းစိုင်း က ပြောသွား ပါတယ်။

တရုတ် နိုင်ငံ ဟာ သံလွင် မြစ်ဖျားပိုင်း တရုတ် ပိုင်နက်ထဲမှာ ရေကာတာ ၁၃ ခု ဆောက်ဖို့ စီစဉ် နေပြီး မြန်မာနိုင်ငံ ထဲမှာ လည်း ရေကာတာ ၂၅ ခု တည်ဆောက်ရေး အတွက် လာရောက် ရင်းနှီး မြှုပ်နှံမှုတွေ လုပ်နေတဲ့ အကြောင်း ကိုလည်း ရှမ်း သဘာဝ ပါတ်ဝန်းကျင် ရေးရာ အဖွဲ့ က ပြော ပါတယ်။