ဝင်ငွေခွန် လျော့ချ ကောက်ခံဖို့နဲ့ လူမှုဖူလုံရေး အစီအစဉ်တွေ ဆီးနိတ်မှာ မဲပေး

Image caption အရင်သမ္မတဟောင်း ဂျော့ရှ်ဘွတ်ရှ်နဲ့ လက်ရှိ သမ္မတ အိုဘားမား နှုတ်ဆက်

အမေရိကန် ဆီးနိတ် လွှတ်တော်အတွင်းမှာ သမ္မတ အိုဘားမားရဲ့ အခွန်ကောက် ရေးနဲ့ လူမှုဖူလုံရေး အစီအစဉ်တွေကို ဆီးနိတ် လွှတ်တော် အမတ်တွေက ပဏာမ မဲပေး အတည်ပြုခဲ့ကြပါ တယ်။

ဒါဟာ အခု သီတင်းနှောင်းပိုင်းမှာ ဒီအစီအစဉ်တွေကို အပြည့်အဝ အတည်ပြုနိုင်ဖို့ ဆီးနိတ် လွှတ်တော်အမတ်တွေက အဆင်သင့် ဖြစ်နေပြီ ဆိုတာ ပြလိုက်တာဘဲ ဖြစ်ပါတယ်။

အတိုက်အခံ ရီပါဘလစ်ကန်တွေနဲ့ မစ္စတာ အိုဘားမား ဆွေးနွေးခဲ့ရတဲ့ ဒီဥပဒေကြမ်း အရ အရင် သမ္မတ ဂျော့ရှ်ဘွတ်ရှ် လက်ထက် ကတည်းက အကောင်အထည်ဖော်ခဲ့တဲ့ ဝင်ငွေခွန် ဖြတ်တောက်လျော့ချ ကောက်ခံမှုကို နှစ်နှစ် ဆက်လက်ကျင့်သုံးတာ ဖြစ်ပါတယ်။

အလုပ်လက်မဲ့ ကြာရှည် ဖြစ်နေသူတွေအတွက် အကျိုးခံစားခွင့်တွေကိုလည်း ဆက်လက် ပေးသွားမှာဖြစ်ပြီး ဒီဥပဒေကြမ်းကို အောက်လွှတ်တော်မှာ အတည်ပြုရဦးမှာ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ သမ္မတ အိုဘားမားရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေထဲက အဓိကကျတဲ့ အချက်တချက်ကို ဗဟိုအစိုးရ တရားသူကြီး တယောက်က ပယ်ချလိုက်ပြီး အစိုးရက လူထုကို ကျန်းမာရေး စောင့်ရှောက်မှု အာမခံအတင်းအကျပ် ဝယ်ခိုင်းလို့ မရဘူးလို့ ဆိုပါတယ်။

အခုနှစ် အစောပိုင်းမှာအတည်ပြုခဲ့တဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ ဥပဒေ အတွက်တော့ ဒီပြဌာန်းချက်ဟာ ပထမဆုံး တရားရေးဆိုင်ရာ စိန်ခေါ်မှုတရပ် ဖြစ်ပါတယ်။

ဒီအာမခံ ထားရှိရေး စာပိုဒ်ဟာ ကျန်းမာရေး စောင့်ရှောက်မှု ပြုပြင်ပြောင်းလဲရေး ဥပဒေကြမ်းအတွက် အငြင်းပွားရလောက်အောင် အရေးကြီးတယ်လို့ ဝါရှင်တန်က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

လတ်တလော လွှတ်တော်အတွင်း အင်အားကြီးလာတဲ့ ရီပါ့ဘလစ်ကန်တွေ ကတော့ ဒီဥပဒေကြမ်းကို ရုတ်သိမ်းဖို့ ကြိုးစားမယ်လို့ ဆိုပါတယ်။