Julian Assange အာမခံနဲ့ လွတ်လာ

Julian Assange
Image caption တရားရုံးက အာမခံ ပေးလိုက်ပြီးနောက် ထွက်လာတဲ့ ဂျူလီယန် အာဆန့်(ဂျ)

ဝီကီလိ သတင်းဝက်ဆိုက်ကို တည်ထောင်သူ ဂျူလီယန် အာဆန့်(ဂျ)ကို ယူကေ တရားရုံး က အာမခံငွေ ဒေါ်လာ သုံးသိန်း ခွဲနဲ့ ဒီနေ့ လွှတ်ပေး လိုက်ပါတယ်။

တရားရုံးကနေ ထွက်လာတဲ့ အခါ သူ့ပုံဟာ အေးအေးဆေးဆေး ရှိတာ တွေ့ရတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

တရားရုံး အပြင်ဘက်မှာ သူလွတ်မလွတ် လာစောင့် သတင်းယူနေတဲ့ ကမ္ဘာ တဝှမ်းက သတင်းသမားတွေနဲ့ သူ့ကို ထောက်ခံသူတွေကို လက်ဝှေ့ရမ်း နှုတ်ဆက်ခဲ့ပြီး သူ့မှာ အပြစ် မရှိကြောင်း၊ သူလုပ်နေတဲ့ အလုပ်တွေကို ဆက်လုပ်သွားမှာ ဖြစ်ကြောင်း ဂျူလီယန် အာဆန့်(ဂျ)က တရားရုံး အပြင်ဘက်မှာ ပြောသွားပါတယ်။

သူအာမခံ ရအောင် သတ္တိရှိရှိနဲ့ သူ့ဘက်က ရှေ့နေ လိုက်ပေးခဲ့တဲ့ သူ့ရှေ့နေကိုလည်း မစ္စတာ အာဆန့်(ဂျ)က ကျေးဇူးတင် စကား ပြောသွားပါတယ်။

လောလောဆယ် သူဟာ အင်္ဂလန် နိုင်ငံ အရှေ့ပိုင်းက မိတ်ဆွေ တယောက် အိမ်မှာ ခေတ္တ နေထိုင်မှာ ဖြစ်ပါတယ်။

အာမခံ စည်းကမ်းချက်အရ သူဟာ ညအပြင် မထွက်ရ အမိန့်ကို လိုက်နာရမှာ ဖြစ်ပြီး သူဘယ်ရောက်နေသလဲ ဆိုတာကို စောင့်ကြည့်နေမဲ့ အီလက်ထရွန်းနစ် ကိရိယာကိုလည်း သူ့လက်ကောက်ဝတ်မှာ တပ်ထားရမှာ ဖြစ်ပါတယ်။

လောလောဆယ် သူ့နိုင်ငံကူး လက်မှတ်ကို ရဲတွေက သိမ်းထားပြီး သူ့ကို ထောက်ခံသူ ငါးယောက်က သူ့အတွက် အာမခံငွေကို စုပေးခဲ့ပါတယ်။

သူ့ကို ထောက်ခံသူတွေထဲမှာ ယူကေက နံမယ်ကြီး ဂျမီမာခမ်း၊ ရုပ်ရှင် ဒါရိုက်တာ ကင်လုပ်(ချ)၊ ကမ္ဘာကျော် သတင်းထောက် ဂျွန်ပီ(လ)ဂျာနဲ့ တခြား လူ့အခွင့်အရေး အတွက် တက်ကြွလှုပ်ရှားသူတွေ ပါပါတယ်။

ကမ္ဘာတဝှမ်းမှာ ရှိတဲ့ အမေရိကန် သံရုံးတွေက သူတို့ နိုင်ငံခြားရေး ဝန်ကြီးဌာနကို ပေးပို့တဲ့ လျှို့ဝှက် အစီရင်ခံစာတွေကို ဝီကီလိ ဝက်ဆိုက်မှာ ဖွင့်ချ ဖော်ထုတ်ခဲ့ပြီးနောက် သူ့ကို ဆွီဒင် အစိုးရက အမျိုးသမီး နှစ်ယောက်ကို မဖွယ်မရာ လုပ်မှုနဲ့ စစ်ဆေးမေးမြန်းလို့ ဆွီဒင်ကို ပို့ပေးဖို့ အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့က တဆင့် ဖမ်းဝရမ်း ထုတ်ခဲ့ပါတယ်။

အမေရိကန် အစိုးရနဲ့ နိုင်ငံရေးသမားတွေက သူ့ကို အကြီးအကျယ် ပြစ်တင် ဝေဖန်နေပြီး ရီပတ်ဗလင်ကန် ဒုတိယ သမ္မတလောင်းအဖြစ် ပြီးခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲမှာ ဝင်ရွေးခဲ့တဲ့ ဆာရာ ပေလင်က သူ့ကို အယ်ကိုင်ဒါ ခေါင်းဆောင်တွေကို လိုက်ဖမ်းသလို ဖမ်းသင့်တယ်လို့တောင် ပြောခဲ့ပါတယ်။

ဂျူလီယာ အာဆန့်(ဂျ)က သူ့ကို ဆွီဒင် အစိုးရက အလိုရှိနေတာ နိုင်ငံရေး ပယောဂ သက်သက်လို့ ပြောပြီး သူ့မှာ ဘာအပြစ်မှ မရှိဘူးလို့ ဆိုပါတယ်။

ဇန်နဝါရီလမှာ သူ့ကို ဆွီဒင်ကို လွှဲပေး မပေး ယူကေ တရားရုံးမှာ ကြားနာ ဆုံးဖြတ်မှာ ဖြစ်ပြီး အဲဒိအချိန် မတိုင်ခင်ထိတော့ ဗြိတိန်နိုင်ငံမှာ ဆောင်းခိုနေရဦးမှာ ဖြစ်ပါတယ်။