အာဏာရှင် ကျင်းပတဲ့ ရွေးကောက်ပွဲ မဲလိမ်မှုရှိလို့ ဆန္ဒပြ အဓိကရုန်းဖြစ်

Image caption ၁၉၉၄ ခုနှစ် ကတည်းက ဆက်တိုက် အုပ်ချုပ်နေတဲ့ သမ္မတ Alexander Lukushenko

Belarus နိုင်ငံမှာ တနင်္ဂနွေနေ့တုန်းက ကျင်းပခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိတယ်လို့ ဆိုနေတဲ့ ထောင်သောင်းချီတဲ့ အတိုက်အခံ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်တွေကြား အဓိကရုန်းတွေ Minsk မြို့မှာ ဖြစ်ပွားခဲ့ပါတယ်။

ဆန္ဒပြသူတွေဟာ အစိုးရအဆောက်အဦတွေက ပြုတင်းပေါက်တွေကို ရိုက်ချိုး ဖျက်ဆီးခဲ့ကြပါတယ်။

ရဲကလည်း အင်အားအပြည့် သုံးပြီး လူစုခွဲကာ ရာထောင်ချီတဲ့ လူတွေကို ဖမ်းဆီးခဲ့တယ်လို့ သတင်းတွေ ရရှိပါတယ်။

အတိုက်အခံခေါင်းဆောင် Vladimir Neklyayev ဟာ မဲရုံတွေ မပိတ်ခင် အချိန်မှာ ရိုက်နှက်ခံခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြထား ပါတယ်။

၁၉၉၄ ခုနှစ် ကတည်းက အာဏာကို ရယူထားတဲ့ သမ္မတ Alexander Lukushenko ဟာ လေးကြိမ်မြောက်အဖြစ် မဲအပြတ် အသတ်နဲ့ အနိုင်ရတယ်လို့ ကနဦး စစ်တမ်းတွေ အရ သိရပါတယ်။