ဗြိတိန်က လေဆိပ်တွေကို ဒဏ်တပ်တော့မယ်

heathrow
Image caption လေဆိပ် တွင်းမှာ စောင့်ဆိုင်းနေကြရတဲ့ ခရီးသည်များ

ရာသီဥတု ပြင်းထန်ဆိုးရွားတဲ့ အချိန်အခါတွေမှာ ကြိုတင်ပြီး သေသေချာချာ မပြင်ဆင်ထားလို့ လေဆိပ်တွေ ပိတ်ရတာမျိုး၊ ခရီးစဉ်တွေ ကသောင်းကနင်း ဖြစ်ရတာမျိုးတွေ ကြုံခဲ့ရင် ဒီလေဆိပ်တွေကို ကိုင်တွယ်နေကြတဲ့ အဖွဲ့ အစည်းတွေကို ဒဏ်တပ်တာမျိုး လုပ်ဖို့ အတွက် ဥပဒေတရပ် ထုတ်ဖို့ ဗြိတိသျှ အစိုးရက စဉ်းစားနေပါတယ်။

သယ်ယူပို့ဆောင်ရေး ဝန်ကြီး ဖိလစ် ဟာမွန်က ဝန်ဆောင်မှု လုပ်ငန်းတွေမှာ ချို့ယွင်းမှာတွေ ဖြစ်လာတဲ့အခါမျိုးမှာ ဒီအတွက် ပစ်ဒဏ်ပေးတာ မျိုးရှိသင့်တယ်လို့ ဆန်းဒေးတိုမ်းစ် သတင်းစာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားသွားပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ်က နှင်းနဲ့ ရေခဲတွေကြောင့် လန်ဒန်မြို့တော်ရဲ့ အဓိက လေဆိပ်ကြီး ဖြစ်တဲ့ ဟိသရိုး လေဆိပ်ကို ပိတ်ထား ခဲ့ရပါတယ်။ အကျိုးဆက်အဖြစ်ကတော့ လေကြောင်း ခရီးစဉ် ပေါင်း ရာနဲ့ချီပြီး ဖျက်သိမ်းခဲ့ရသလို ခရီးသယ်ပေါင်း များစွာဟာလဲ လေဆိပ်ထဲက ကြမ်းပြင်ပေါ်မှာ အိပ်စက်ရတဲ့ အထိဖြစ်ခဲ့ ရပါတယ်။