ဒုတိယ ပင်လုံညီလာခံဟာ ပြည်ထောင်စု ပြိုကွဲရေးမဟုတ်ဘူး လို့ ဦးဝင်းတင် ပြော

union day
Image caption တိုင်းရင်းသား တွေက စစ်မှန်တဲ့ ပြည်ထောင်စု ကို လိုချင်

စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က ဒီဇင်ဘာလ ၂၄ ရက်နေ့ က ကျင်းပတဲ့ တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်သင်တန်း ကျောင်းဆင်း ပွဲ မှာ ပြည် ထောင်စု ပြိုကွဲမယ့် စိတ်ကူး မှန်သမျှ မကြံစည် မိကြဖို့ ဆိုပြီး သူ့ရဲ့မိန့်ခွန်း ထဲမှာ ထည့်သွင်း ပြောကြား သွားတာ နဲ့ ပတ်သက်ပြီး အဓိက အတိုက် အခံ ပါတီ ကြီး ဖြစ်တဲ့ NLD ပါတီက ပြည်ထောင်စု နဲ့ ပတ်သက်ပြီး ဒုတိယ ပင်လုံ ညီလာခံ ဆိုတာကို ပြောနေ တာမို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က ဒါကို ရည်ညွှန်း ပြောဆို သတိ ပေး တဲ့ သဘော ဖြစ်နေတယ် လို့ ယူဆရ မလို ရှိပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒီလိုပြောတာဟာ NLD က ပြောနေတဲ့ ဒုတိယ ပင်လုံ ညီလာခံ ဆိုတာကိုပဲ ရည်ညွှန်းတယ်လို့ ယူဆ မိလို့ ဒါကိုတော့ NLD အနေနဲ့ ပြန် လည် ရှင်းပြဖို့ လိုအပ် လိမ့်မယ် ထင်တဲ့ အကြောင်း NLD ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးဝင်းတင် က ပြောပါတယ်။

ဒုတိယ ပင်လုံ ဆိုတာ ပြည်ထောင်စု ပြိုကွဲရေး သဘော မဟုတ်တဲ့ အကြောင်း ပထမ ပင်လုံ ဆိုတာ ပေါင်းစည်းမှု ကို ကိုယ်စားပြု ခဲ့လို့ ဒုတိယ ပင်လုံ ညီလာခံ ဆိုတာ က လည်း ပေါင်းစည်းမှု အင်အားကြီး တခု ပေါ်ပေါက် လာနိုင်မယ် လို့ ပြောနိုင်တဲ့ အကြောင်း ဦးဝင်းတင် က ရှင်းပြ ပါတယ်။

ဒီမိုကရေစီ လိုလားတဲ့ အဖွဲ့ အစည်းအချို့ ကလည်း ဒုတိယ ပင်လုံ ညီလာခံ ကိစ္စဟာ အင်မတန် သိမ်မွေ့တဲ့ ကိစ္စ ဖြစ်ပြီး နှစ်ဦး နှစ်ဖက်ကြားမှာ နားလည်မှု တွေ ပိုလွဲ နိုင်တယ် ဆိုပြီး ပြောနေ တာတွေ ရှိပေမယ့် ဒီ ဒုတိယ ပင်လုံ ညီလာခံ လမ်းကြောင်းဟာ မှန်ကန်တဲ့ လမ်းကြောင်း တခု ဖြစ်တယ် လို့ NLD အနေ နဲ့ ယူဆတဲ့ အကြောင်း၊ ပြည်တွင်းစစ် ပြန်ဖြစ် လာမယ့် အနေအထားကို အခြေအနေ တွေက ဦးတည် နေတာ အထင်အရှား ဖြစ်လို့ NLD ရဲ့ ဒီလမ်းကြောင်းကို တိုင်းရင်းသား ခေါင်းဆောင် တွေက မီဒီယာတွေ မှာ တွေ့ဆုံတဲ့ အခါ ထောက်ခံတဲ့ သဘော ပြောဆို နေကြတာကို ထောက်ရင် သူတို့လည်းပဲ ဒီလမ်းကြောင်း ကို ထောက်ခံ ကြတယ်လို့ ပြောနိုင်တဲ့ အကြောင်း ဦးဝင်းတင် က ဘီဘီစီ ကို ပြောပါတယ်။