စီးပွားရေးလုပ်ကြမယ့် နိုင်ငံရေးပါတီတွေ

peace and diversity party
Image caption စီးပွားရေး လုပ်မယ့် မတူကွဲပြားခြင်း နဲ့ ငြိမ်းချမ်းရေး ပါတီ

စီးပွားရေး လုပ်ဖို့ ပြင်ဆင် နေကြတဲ့ နိုင်ငံရေးပါတီ များရဲ့ စာရင်းထဲမှာ မတူ ကွဲပြားခြင်း နဲ့ ငြိမ်းချမ်းရေး ပါတီ လည်း ပါဝင် လာ ပါတယ်။

မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ က သူတို့ လုပ်ကိုင်မယ့် စီးပွားရေးလုပ်ငန်း တွေ အတွက် လူတွေကို အစုရှယ်ယာ ဝင်ဖို့လည်း အင်တာ နက် က တဆင့် ဖိတ်ခေါ် လိုက် ပါတယ်။

သူတို့ ပါတီက လုပ်မယ့် စီးပွားရေး လုပ်ငန်းတွေ ကတော့ ဆောက်လုပ်ရေး၊ ဆန်စပါးလုပ်ငန်း နဲ့ ရေလုပ်ငန်းတွေ ဖြစ်ပြီး အများ ပြည်သူ အနေနဲ့ အစု ရှယ်ယာ အကြောင်း ဈေးကွက် စီးပွားရေး အကြောင်း နားလည်ဖို့ အတွက် ရည်ရွယ်ပြီး အခုလို အစုရှယ်ယာ တွေ ခေါ်တာ ဖြစ်တယ် လို့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေး ပါတီ အတွင်းရေးမှူး ဦးနေမျိုးဝေက ပြောပါတယ်။

နိုင်ငံရေး ပါတီတွေ က စီးပွားရေး လုပ်လို့ လူထုအကျိုးထက် ပါတီ အကျိုး ပိုပြီးကြည့်သွား တာမျိုး တွေဟာ ရှိကောင်း ရှိလာမှာ ဖြစ်ပေမယ့် ဒါကို လွတ်လပ်တဲ့ သတင်း မီဒီယာ က ထောက်ပြပြီး ထိန်းညှိလို့ ရနိုင်မယ် လို့ သူ ထင်မြင်တဲ့ အကြောင်း လည်း ဘီဘီစီ ကို ပြောပါတယ်။

ဒီလို ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတချို့ စီးပွားရေးလုပ်ငန်းတွေ လုပ်ဖို့ ပြင်ဆင်နေတဲ့ အပေါ် ၁၉၉၀ ရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်း ပုလဲ မဲဆန္ဒနယ် အမှတ် ၂ ကနေ အနိုင် ရရှိခဲ့တဲ့ လွှတ်တော်အမတ်လည်းဖြစ်၊ NCGUB အမျိုးသား ညွန့်ပေါင်း အစိုးရ က လည်း ဖြစ်တဲ့ ဒေါက်တာ တင့်ဆွေ က နအဖ စစ်အစိုးရဟာ သူ့ကို ဆန့်ကျင်တဲ့ လက်နက်ကိုင် တိုင်းရင်းသား အင်အားစုတွေ ကို အပစ်အခတ် ရပ်စဲ စေ ပြီး စီးပွာရေး လုပ်ငန်းတွေ လုပ်ခွင့် ပေးတဲ့ နည်းနဲ့ ခွဲထုတ်ပစ်ခဲ့ သလိုပဲ ၂၀၁၀ မှာလည်း မြေပေါ် နိုင်ငံရေး အင်အားစု တွေ အကြား ရွေးကောက်ပွဲဝင် နိုင်ငံရေး ပါတီတွေ ကို စီးပွားရေး လုပ်ငန်းတွေလုပ်ခွင့်ပေးပြီး ခွဲထုတ် ဖို့ သိမ်းသွင်း ဖြားယောင်းတဲ့ အခင်းအကျင်း တခု လို့ သူမြင်တဲ့ အကြောင်း ဘီဘီစီ ကို ပြောပါတယ်။