သြစတြေးလျ အရှေ့မြောက်ဘက်မှာ ရေကြီး

Image caption မြစ်ရေတက်လာတာကြောင့် ခန့်မှန်းထားတာ ထက်ကို အလျင်အမြန် ရေလွှမ်းသွားခဲ့

သြစတေးလျနိုင်ငံ အရှေ့မြောက် Queensland ပြည်နယ် မြို့ရွာ အများစုမှာ ရေကြီးနေဆဲ ဖြစ်ပြီး၊ Rockampton မြို့ ဟာ ဖစ်ဇွိုင်း မြစ်ရေ ရုတ်တရက် မြင့်တက် လာတာနဲ့ ရင်ဆိုင်နေရတာကြောင့် အကာ အရံတွေ လုပ်ဆောင်နေရပါတယ်။

မြစ်ရေဟာ ၉ မီတာအမြင့် အထိရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။ အခုလို မြစ်ရေ တက်လာတာ ကြောင့် မြို့နေရာ တချို့မှာ အရင်ခန့်မှန်းထား တာထက်ကို ပိုပြီးအလျင်အမြန် ရေလွှမ်းသွားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဖစ်ဇွိုင်းမြစ် အဆုံးဘက်မှာရှိတဲ့ Rockampton မြို့လို မြို့တွေမှာ ရေပမာဏ အကြီးအကျယ် တက်လာတာဖြစ်တဲ့အတွက် လေဆိပ်လို့ အဓိကအဆောင်အဦးတွေ အနီး ပြုလုပ်ထားတဲ့ အကာအရံတွေဟာ ရေတက်လာတာကို ခံနိုင်ရည်မရှိခဲ့ဘူးလို့ ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး အန်ဒရူး ဖရေဇာ ကပြောပါတယ်။

လေဆိပ်နဲ့ မြို့တောင်ဖက်နေ အနောက်ဖက်သွားတဲ့ အဓိကလမ်းမတွေကို ပိတ်ထားရ ပါတယ်။ ရဲကတော့ တချို့လူတွေကို လှေတွေနဲ့ ဘေးလွတ်ရာကို ကယ်ဆယ်ပေးနေပါတယ်။

မြစ်အထက်ဖက် တချို့နေရာတွေမှာ ရေကျလာနေပြီဖြစ်ပေမယ့် Queensland ပြည်နယ် တလွှား သောင်းနဲ့ချီတဲ့လူတွေဟာ သူတို့ရဲ့အိမ်ယာတွေကို မဖြစ်မနေ စွန့်ခွာခဲ့ ကြရပါတယ်။

ရေကြီးမှုကြောင့် အမျိုးသမီးတဦးသေဆုံးသွားတယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပြီး၊ ပျောက်ဆုံး နေဆဲ အမျိုးသားတဦးကိုတော့ လိုက်လံရှာဖွေနေဆဲဖြစ်ပါတယ်။