တူနီးရှား သမ္မတ ဆော်ဒီ အာရေဗျကို ထွက်ပြေး

Tunisia
Image caption မြို့တော် တူးနစ်စမှာ သမ္မတ ထွက်ပြေးတဲ့ သတင်းကို ဝမ်းသာ အားရ ကြိုဆို

တူနီးရှား နိုင်ငံမှာ လူနေမှု အဆင့် အတန်း နိမ့်ကျ လာမှုကို မကျေနပ်တဲ့ အတွက် လွန်ခဲ့တဲ့ တလလောက်က စပြီး ဆန္ဒ ပြနေရာမှာ ခုနောက်ဆုံး သမ္မတ အယ်လအဘဒင်း ဘင်အလီ ရာထူးက ဆင်းပေးခဲ့ရပြီး ဆော်ဒီ အာရေဗျ နိုင်ငံကို ထွက်ပြေးခဲ့ရပါတယ်။

ဝန်ကြီးချုပ် မိုဟာမက် ဂါနိုချီက တိုင်းပြည် အာဏာကို လောလောဆယ် ယူထားကြောင်း ရုပ်မြင်သံကြားကနေ ကြေငြာသွားပါတယ်။

လောလောဆယ် အစိုးရသစ် ဖွဲ့ရေး ကိစ္စ ဆွေးနွေးဖို့ နိုင်ငံရေး ပါတီတွေနဲ့ တွေ့ဖို့ စီစဉ် ထားတယ်လို့ ဝန်ကြီးချုပ်က ပြောပြီး နိုင်ငံသား အားလုံးကို ညီညွတ်ကြဖို့ ပန်ကြား ခဲ့ပါတယ်။

အစောပိုင်းကတော့ ၂၃ နှစ်ကြာ တိုင်းပြည်ကို အုပ်ချုပ်လာတဲ့ သမ္မတ ရာထူးက ဆင်းပေး ခဲ့ရပြီးနောက် ညအပြင် မထွက်ရ အမိန့်ကို အာခံပြီး တူးနစ်စမြို့တော်က လမ်းတွေပေါ် ဆန္ဒပြသူတွေ ထွက်လာပြီးနောက်မှာ အရေးပေါ် အခြေအနေကို ကြေငြာခဲ့ရပါတယ်။

တူနီးရှားက ခုနောက်ဆုံး အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တွေ၊ တာဝန်ရှိသူတွေဆီကနေ တုန့်ပြန်သံတွေ ထွက်လာခဲ့ပြီး အမေရိကန် သမ္မတ အိုဘားမားက လူသားအားလုံးနဲ့ ဆိုင်တဲ့ အခွင့်အရေးအတွက် ပြင်းပြတဲ့ သံဓိဌာန်နဲ့ လမ်းပေါ်ထွက်လာတဲ့ တူနီးရှား ပြည်သူတွေရဲ့ သတ္တိနဲ့ သိက္ခာကို ချီးကြူးမိတယ်လို့ ပြောလိုက်ပါတယ်။

အကြမ်းဖက်မှုတွေကို ရှောင်ရှားဖို့လည်း နိုင်ငံရေးပါတီ အားလုံးကို ကြေငြာချက်ထုတ်ပြီး ပန်ကြားခဲ့ပါတယ်။

တူနီးရှား ပြည်သူတွေရဲ့ ဆန္ဒရဲ့ လမ်းညွှန်ချက်နဲ့ တူနီးရှားနိုင်ငံရဲ့ အနာဂတ်ကို ဖော်ဆောင်မယ် ဆိုရင် တိုင်းပြည်အနာဂတ်ဟာ တောက်ပြောင်မှာကို သံသယမရှိ ယုံကြည်တယ်လို့လည်း အမေရိကန် သမ္မတ အိုဘားမားက ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းကတော့ ခုအဖြစ်အပျက်မှာ ပါဝင်သူ အားလုံးကို ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ ပန်ကြားခဲ့ပါတယ်။

တူနီးရှား နိုင်ငံက ဆန္ဒပြသတင်းတွေ အာရပ်နိုင်ငံတွေက တီဗီဖန်သားပြင်တွေပေါ် ပေါ်လာပြီးနောက် ခုနောက်ဆုံး ဂျော်ဒန်နိုင်ငံမှာလည်း လူပေါင်း ထောင်သောင်းချီ လမ်းပေါ်ထွက်လာပြီး အစိုးရကို ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

ခုချိန်ထိတော့ အာရပ်နိုင်ငံတွေဆီက ဘာမှတ်ချက်ပေး ပြောကြားမှုမျိုးမှ မရှိသေးပေမယ့် တူနီရှား နိုင်ငံက စားနပ်ရိက္ခာစျေးတွ မြင့်တက်မှုမျိုး အာရပ်နိုင်ငံတွေလည်း ရင်ဆိုင် နေရတယ်လို့ ဘီဘီစီ သတင်းထောက်က ကိုင်ရိုကနေ သတင်းပေးပို့ထားပါတယ်။