ချင်းပြည်နယ် က အဓမ္မ လုပ်အားပေး

chin_report
Image caption ချင်းပြည်နယ် က အဓမ္မ လုပ်အားပေး (ဓာတ်ပုံ ချင်း လူ့အခွင့် အရေး အဖွဲ့)

မြန်မာ စစ်အစိုးရ ခေါင်းဆောင် တွေကို လူသား အမြောက်အမြား အပေါ် ကျူးလွန် တဲ့ ရာဇဝတ်မှု နဲ့ နိုင်ငံတကာ တရားရုံးမှာ တရားစွဲ နိုင်ဖို့ အတွက် သက်သေ ပြနိုင်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကို မြန်မာ စစ်တပ် က ကျယ်ကျယ် ပြန့်ပြန့် ပြုလုပ် နေတယ် လို့ လူ့ အခွင့် အရေး ဆိုင်ရာ ဆရာဝန်များ အဖွဲ့ Physicians for Human Rights အဖွဲ့ က ထုတ်ဖော် ပြောလိုက် ပါတယ်။

ချင်းပြည်နယ် အတွင်း မြို့နယ် ၉ မြို့နယ် က အိမ်ထောင်စု ၆၀၀ ကျော်ကို စစ်တမ်း ကောက်ယူခဲ့မှု အရ အခုလို ပြောကြားတာ ဖြစ်တယ်လို့ ၁၉၉၇ ခုနှစ်ရဲ့ ငြိမ်းချမ်းရေး နိုဘယ် ဆုရှင် Physicians for Human Rights အဖွဲ့ က ဗုဒ္ဓဟူးနေ့ က ထုတ်ပြန်တဲ့ စာမျက်နှာ ၆၄ မျက်နှာပါ အစီရင်ခံစာ ထဲမှာ ဖော်ပြ ထားပါတယ်။

အဲဒီ အစီရင်ခံစာ ထဲမှာ ချင်းပြည်နယ် အတွင်း နေထိုင်ကြတဲ့ မေးမြန်း ပြီး ရယူခဲ့တဲ့ အချက် အလက်တွေ အရ ချင်း တိုင်းရင်းသား တွေကို သတ်ဖြတ်မှု၊ ရိုက်နှက်မှု၊ အတင်းအဓမ္မ လုပ်အား ခိုင်းစေမှု၊ အမျိုးသမီးတွေကို အဓမ္မ ပြုကျင့်မှုတွေ အပါအဝင် လူ့ အခွင့်အရေး ချိုးဖောက်မှု အမျိုးမျိုး ရှိတယ် လို့ အဲဒီ အစီရင်ခံစာ မှာ မှတ်တမ်းတင် ထားပါတယ်။

စစ်တမ်း ကောက်ယူသူ များ က မေးမြန်း ခဲ့တဲ့ အိမ်ထောင်စု စုစုပေါင်း ရဲ့ ၉၂ ရာခိုင်နှုန်း ဟာ စစ်တမ်း မကောက်ယူ မီ တနှစ် အတွင်း အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေ ခြင်း ခံခဲ့ ရတယ် လို့ ဖြေကြား ခဲ့ကြ ပါတယ်။

ချင်း လူ့အခွင့်အရေး အဖွဲ့ အပါအဝင် ဒေသခံ အဖွဲ့အစည်း ၅ ခု က အခု စစ်တမ်း ကောက်ယူ နိုင်ရေး အတွက် လူ့ အခွင့် အရေး ဆိုင်ရာ ဆရာဝန်များ အဖွဲ့ ကို အကူအညီ ပေးခဲ့ ပါတယ်။

ဒီ အစီရင်ခံစာ ပါ အချက်တွေ အပေါ် မူတည်ပြီး ကုလသမဂ္ဂ အနေနဲ့ မြန်မာနိုင်ငံမှာ လူသား အမြောက်အများ အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ကျူးလွန်မှု ရှိမရှိ စုံစမ်းဖို့ အတွက် စုံစမ်း စစ်ဆေးရေး ကော်မရှင် စေလွှတ်ဖို့ တောင်းဆို ပါတယ် လို့ အခု အစီရင်ခံစာ ပြုစု ရေးမှာ ကူညီ ဆောင်ရွက် ပေးတဲ့ ဂျွန်ဟော့ကင်း တက္ကသိုလ် ကျောင်းဆင်း ဒေါက်တာ ဗစ် က ဘီဘီစီ ကို ပြောပါတယ်။

အခု ချင်းပြည်နယ် မှာ ဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ နဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ မှာ ပါဝင် အရွေးချယ် ခံခဲ့ ကြတဲ့ ချင်း အမျိုးသား ပါတီ ဥက္ကဌ ဦးဇိုဇမ် က ဒီအစီရင်ခံစာ က ဖော်ပြချက် တွေဟာ တကယ် အစစ်အမှန် ဖြစ်ဖို့ အရေးကြီးတဲ့ အကြောင်း နဲ့ သူ ကိုယ်တိုင် စုံစမ်းပြီး လွှတ်တော်ထဲမှာ ဖြေရှင်း ပေးမယ့် အကြောင်း ဘီဘီစီ ကို ပြောပါတယ်။