ပါကစ္စတန်မှာ ကားနှစ်စီးတိုက်လို့ လူ ၃၀ ကျော် သေဆုံး

Image caption ဒရိုင်ဘာဟာ ဘတ်စကားကို မထိန်းနိုင် ဖြစ်ပြီး ဓါတ်ဆီကားကို ဝင်တိုက်မိတာပါ

ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆင်းပြည်နယ် ကိုသွားတဲ့ အဝေးပြေး ဘတ်စကားတစီးနဲ့ ဓါတ်ဆီတင်ကားတစီး ဝင်တိုက်မိရာ လူပေါင်း ၃၀ ကျော် သေဆုံးသွားခဲ့ပါတယ်။

ဒရိုင်ဘာဟာ အရှိန်နဲ့ ပြေးနေတဲ့ ဘတ်စ်ကားကို မထိန်းနိုင် မသိမ်းနိုင်ဖြစ်ပြီး ဓါတ်ဆီကားကို ဝင်တိုက်မိတာပါ။ ကားချင်းတိုက်မိတာနဲ့ တပြိုင်တည်း မီးထတောက်တော့ ကားရှေ့ပိုင်း က လူတွေဟာ ပြေးချိန်မရဘဲ မီးလောင်ကျွမ်းပြီး သေဆုံးသွားခဲ့ ကြတယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေပါ ပါဝင်ပါတယ်။ အသက်မသေဘဲ ကျန်ရစ်သူတွေ ပြောပြချက်အရ တချို့ခရီးသည်တွေဟာ ဘတ်စ်ကား အနောက်ဖက်ကနေ ဝပ်ပြီး ထွက်ခွာသွားနိုင် ခဲ့တဲ့အတွက် လွတ်မြောက်ခဲ့ပါတယ်။

မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်နဲ့ အသက်မသေဘဲ လွတ်မြောက်ခဲ့သူတွေကို စစ်ဆေး မေးမြန်းချက်တွေအရ ကားပေါ်မှ ခရီးသည် ၅၀ လောက်ပါလာမယ်လို့ ခန့်မှန်းထားပါတယ်။

အခုဒဏ်ရာရတဲ့ သူက ၉ ယောက်ရှိပြီး သူတို့ကို ဆေးရုံတင်ထား ရပါတယ်။ ကောက်ယူလို့ ရတဲ့ အလောင်းအရေအတွက်က ၃၂ လောင်းရှိတယ်လို့ ပြောပါတယ်။

အသက်မသေဘဲ ကျန်ရစ်သူတွေရဲ့ ရဲကိုပြောတဲ့ ထွက်ဆိုချက်တွေအရ ဒရိုင်ဘာက ကားမောင်းနေရင်း စတီယာတိုင် ပေါ်မှာ ငိုက်သွားတဲ့ အတွက် ကားရပ်ပြီးနားဖို့ နှစ်ကြိမ် တိုင်တိုင် သတိပေးခဲ့ကြသေးတယ်လို့ ဆိုပါတယ်။

အခုခရီးသည်တင်ကားဟာ ကရာချိမြို့ကနေ ထွက်ခွာလာပြီး ဆင်းပြည်နယ် ဆွတ်ကာမြို့ ကို သွားတဲ့ ကားဖြစ်ပါတယ်။

သူတို့ကားနဲ့ တိုက်မိတဲ့ ဓါတ်ဆီကားပေါ်မှာ တော့ ဓါတ်ဆီ လီတာ ၄ သောင်း တင်ဆောင် လာတာဖြစ်ပါတယ်။