ဘီဘီစီ ကမ္ဘာတလွှား အစီအစဉ်တွေ လျှော့မည်

BBC
Image caption ဌာနတချို့ ပိတ်ပစ်လိုက်တဲ့အပေါ် မကျေနပ်သူတချို့က ဘီဘီစီကမ္ဘာတလွှား အစီအစဉ်ရုံးရှေ့မှာ ဆန္ဒပြနေကြစဉ်

ဘီဘီစီ ကမ္ဘာ တလွှား အစီအစဉ် BBC World Service က ဝန်ထမ်း နေရာ ၂၄၀၀ ကျော် အနက် ၆၅၀ ကို လာမယ့် သုံးနှစ် အတွင်း ရပ်နားတော့မယ်လို့ ထုတ်ပြန် ကြေငြာလိုက်ပါတယ်။

လာမယ့် ၁၅ လ အတွင်းမှာတော့ အလုပ်နေရာ ၄၈၀ ကို ဖြုတ်ပစ်မှာ ဖြစ်ပြီး ကျန်တဲ့သူတွေကိုတော့ ကျန်ကာလတွေမှာ ဖြုတ်ပစ်မှာပါ။

ဘာသာစကားဌာနတွေဖြစ်တဲ့ မက်ဆီဒိုးနီးယား၊ အယ်လ်ဘေးနီးယား၊ ဆားဗီးယား၊ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေနဲ့ ကရေဘီယံ ဘာသာဌာန နဲ့ ပေါ်တူဂီဌာန စုစုပေါင်း ငါးခုကို ရပ်နားလိုက်ပါတယ်။

တချို့ဌာနတွေမှာလည်း ရေဒီယို ထုတ်လွှင့်မှု ရပ်ဆိုင်ပြီး အင်တာနက် ဝက်ဘ်ဆိုက် ကနေပဲ သတင်းတွေကို ထုတ်လွှင့်ရေးသားတော့မှာ ဖြစ်ပါတယ်။ အဲဒီရပ်မယ့်အထဲမှာ ဗီယက်နမ် နဲ့ တရုတ် မန်ဒရင်း ဘာသာ ရေဒီယိုထုတ်လွှင့်မှုတွေ ပါဝင်ပါတယ်။

BBC World Service ကမ္ဘာတလွှား အစီအစဉ် အနေနဲ့ စျေးကွက်ရဲ့ လိုအပ်ချက် အတိုင်း အွန်လိုင်းနဲ့ မိုဘိုင်းဖုန်းကနေ မီဒီယာ ဝန်ဆောင်မှုတွေပေးပြီး ပရိတ်သက် တိုးလာအောင် အဓိကထား ဆောင်ရွက်ဖို့ လိုတယ်လို့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး William Hague က ပြောပါတယ်။

ကမ္ဘာမှာ ဗြိတိန်ရဲ့ အရေးပါမှု အခန်းကဏ္ဍ ဆိတ်သုဉ်းသွားအောင် ၊ ဒီမိုကရေစီ အသံတွေ တိတ်ဆိတ်သွားအောင် လက်ရှိ အစိုးရက လုပ်နေတယ်လို့ အတိုက်အခံ ပါတီက လွှတ်တော်အမတ် Dennis McShane က စွပ်စွဲ ပြောကြားလိုက်ပါတယ်။

မြန်မာပိုင်းအစီအစဉ်

မြန်မာ ပိုင်း အစီအစဉ် အပါအဝင် ဌာန တချို့ကလည်း သုံးနှစ် အတွင်း အသုံးစရိတ် ၁၀ ရာခိုင်နှုန်း လျှော့ချရမှာ ဖြစ်ပြီး အနည်းဆုံးဖြတ်တောက်ခံရတဲ့အထဲမှာ ပါဝင်ပါတယ်။ ဒါပေမယ့် ဘယ်လိုပုံစံနဲ့ အသုံးစရိတ်လျော့ချနိုင်မယ်ဆိုတာတော့ ဆွေးနွေးနေကြဆဲ ဖြစ်ပါတယ်။

မြန်မာလူထုအတွက် ဘီဘီစီ မြန်မာပိုင်းအစီအစဉ်က အရေးကြီးတာမို့ ဦးစားပေးခံရတဲ့ ဌာနတွေထဲမှာ မြန်မာဌာန ပါဝင်တယ်လို့ BBC World Service အကြီးအကဲ ပီတာ ဟောရော့ခ်စ်က ပြောပါတယ်။

ဖြတ်တောက်ရခြင်း အကြောင်းရင်း

ဗြိတိန် အစိုးရရဲ့ နိုင်ငံခြားရေးဌာနက ထောက်ပံ့ငွေနဲ့ ရပ်တည်နေရတဲ့ BBC World Service ရဲ့ အသုံးစရိတ်ဟာ တစ်နှစ်ကို ပေါင် ၂၇၂ သန်းရှိပါတယ်။ ဒါပေမယ့် ဗြိတိသျှအစိုးရရဲ့ အသုံးစရိတ်ဖြတ်တောက်မှု အစီအစဉ်အောက်မှာ ဘီဘီစီ ကမ္ဘာတလွှားအစီအစဉ်ကလည်း ၁၆ ရာခိုင်နှုန်း ဖြတ်တောက်ခံရပါတယ်။

အဲဒီလို ရန်ပုံငွေ လျှော့ချပေးမှု အရ အခု လို ဆောင်ရွက်ရတာ ဖြစ်တဲ့ အကြောင်းနဲ့ BBC World Service ဟာ ကမ္ဘာ့ ထိပ်တန်း သတင်း ဌာနကြီး တစ်ခု ဆိုတဲ့ အနေအထားမှာ ဆက်လက် တည်ရှိနေဖို့ ရည်ရွယ်တယ် လို့ မစ္စတာ ဟောရော့ခ်စ်က ပြောပါတယ်။

ဒါပေမဲ့ သတင်း သမားများရဲ့ သမဂ္ဂ ဖြစ်တဲ့ NUJ က အခု ငွေကြေး ဖြတ်တောက်မှုတွေဟာ ဗြိတိန် နိုင်ငံရဲ့ အကျိုးစီးပွားကို အကြီးအကျယ် ထိခိုက် စေလိမ့်မယ်လို့ ပြောပါတယ်။