အီဂျစ် မှာ ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေ

egypt ဓာတ်ပုံ မူပိုင် AFP
Image caption အကြမ်းပတမ်း ဆန္ဒပြပွဲတွေ နဲ့ အီဂျစ်

အီဂျစ် နိုင်ငံ ရဲ့ အဓိက မြို့ကြီးတွေမှာ ညမထွက် ရ ကာဖျူး အမိန့် ထုတ်ပြန် ထားပေမယ့် သမ္မတ ဟော့စနီ မူဘာရက် ကို စိမ်ခေါ် ဆန္ဒပြ နေတဲ့ သောင်းနဲချီ လူစု လူဝေး ကြီး ဟာ ကိုင်ရို မြို့ လမ်းမ တွေမှာ ရှိနေပြီး အစိုးရ ရဲ့ အဓိက အဆောက်အဦ တွေဖြစ်တဲ့ နိုင်ငံခြားရေး ဌာနရုံး ၊ နိုင်ငံ ပိုင် အသံလွှင့် ရုံ တို့ စတဲ့ နေရာ တွေ ကို ဝိုင်းထား ကြ ပါတယ်။

အာဏာရ အစိုးရ ပါတီ ဖြစ်တဲ့ အန်ဒီပီ ပါတီ ရဲ့ ဌာနချုပ် ကို လည်း ဆန္ဒပြ သူတွေ မီးတင်ရှို့ ခဲ့ကြ ပါတယ်။

မြို့တော် ကိုင်ရိုမြို့ မှာတင်မက စူးအက်၊ အလက်ဇန်းဒီးယား နဲ့ တခြားမြို့တွေမှာလည်း ဆန့်ကျင် ဆန္ဒပြပွဲ တွေ က ပျံ့နှံ့ နေပါတယ်။

ဆန္ဒပြသူတွေဟာ ၃၁ နှစ်ကြာ အာဏာကိုင်ထားတဲ့ သမ္မတ မူဘာရက် ကို အကြီးအကျယ် ဒေါသ ထွက်နေကြပြီး အလုပ်အကိုင် ရှားပါးမှု၊ ဆင်းရဲမွဲတေမှု ၊ဖိနှိပ်မှု တွေ ကို ဖြေရှင်းပေးဖို့ ကြွေးကြော်ကြသလို၊ မူဘာရက် ရာထူးကနေဆင်းဖို့၊ ရွေးကောက်ပွဲ ခေါ်ဖို့ နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြန်ပြင်ဆင် ပေးဖို့ တောင်းဆို ကြပါတယ်။

အစိုးရ ဖက်က လည်းသောကြာနေ့ နေ့လည်ပိုင်း တည်း က စလို့ လူစုတွေ ကွဲသွားအောင် မျက်ရေယိုဗုံးနဲ့ ပစ်တာ၊ ရာဘာကျည် တွေနဲ့ ပစ်ခတ် တာ ၊ လက်ကိုင်တုတ် နဲ့ ရိုက်နှက်ဖြိုခွင်းတာ တွေ လုပ်နေပြီး သောကြာ ည မှာ တော့ စစ်တပ် က လမ်းမတွေပေါ် နေရာယူ လာပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption စစ်တပ် က လမ်းတွေပေါ် နေရာ ယူလာပြီ

အင်္ဂါနေ့ ကစတင်ခဲ့တဲ့ အီဂျစ် ဆန္ဒပြပွဲ တွေ အတွင်း လူ ၁၈ ဦးထက် မနည်း သေဆုံး ခဲ့ တယ် ဆိုတဲ့ သတင်း ကို ကျန်းမာရေး ဌာန တွေ ဘက်က နေ သိခဲ့ ရသလို လူပေါင်း ၁၁ ၀၀ ကျော် ဒဏ်ရာရ ခဲ့တယ် ဆိုတဲ့ သတင်း တွေလည်း ထွက်ပေါ် နေပါတယ်။

တူနီးရှား မှာ အာဏာရှင် သမ္မတ ထွက်ပြေး အောင် လုပ်နိုင် ခဲ့တဲ့ ဆန္ဒပြပွဲ တွေ ဟာ အီဂျစ် က ဆန္ဒပြသူတွေ အတွက် အားကျ အတုယူ လိုစိတ် ဖြစ်ခဲ့ ပုံ ရတယ် လို့ အများ က ယူဆကြပါတယ်။

အင်တာနက် လူမှုရေး ကွန်ယက် တွေ ဖြစ်တဲ့ ဖေ့ဘွတ် တို့ တွစ်တာ တို့ ကို သုံး ပြီး မူဘာရက် ဆန့်ကျင်သူ တွေက စည်းရုံး လှုပ်ရှား ကြခဲ့ ကြသလို အစိုးရဖက် ကလည်း အင်တာနက် လိုင်း တွေ မိုဘိုင်းဖုံးလိုင်း တွေ ကို ပိတ်ပင် နေပါပြီ။

အခြေအနေတွေ မငြိမ်သက်တဲ့ အီဂျစ် မှာ သမ္မတ မူဘာရက် က သူတို့ စံတော်ချိန် သန်းခေါင် လွန်ပြီး စနေနေ့ စဝင် လာတဲ့ အချိန် လောက်မှာ နိုင်ငံ ကို ရုပ်မြင်သံကြား ကနေ စကားပြော ခဲ့ ပါတယ်။

လုံခြုံရေး တည်ငြိမ်ရေး တွေ လုပ်မယ်၊ အခု အစိုးရ ကို အသစ် ပြန်လည် ဖွဲ့စည်း မယ်လို့ သူ က ဆိုပါတယ်။

ဒါပေမယ့်လည်း အီဂျစ် တည်ငြိမ်ရေး အတွက် ဖြစ်လာမလား ဆိုတာ ကတော့ မရေရာ သေးပါဘူး။

အီဂျစ် အစိုးရ ကို ထောက်ခံနေခဲ့တဲ့ အမေရိကန် အစိုးရ သမ္မတ အိုဘားမား က ဆန္ဒပြ သူတွေ အပေါ် အကြမ်းဖက် နှိမ်နှင်းမှုတွေ ကို ရှောင်ရှားပြီး တွေ့ဆုံ ဆွေးနွေးရေး လုပ်ဖို့ သမ္မတ မူဘာရက် ကို တိုက်တွန်း နေပါတယ်။