အီဂျစ်သမ္မတ နှုတ်ထွက်ပေးရေး ဆက်လက်ဆန္ဒပြ

အီဂျစ်နိုင်ငံမှာ ၃၂ နှစ်ကြာ နိုင်ငံကို ချုပ်ကိုင် အုပ်စိုးထားတဲ့ သမ္မတ မူဘာရက်ကို ရာထူးကနေ ဆင်းပေးဖို့ ပြည်သူတွေ အားလုံးက မြို့တော်ကိုင်ရိုနဲ့ တခြားမြို့ လမ်းမတွေပေါ်မှာ ဆန္ဒပြနေပါတယ်။

ဓာတ်ပုံ မူပိုင် 1
Image caption အစိုးရကို ဖျက်သိမ်းလိုက်ပြီး၊ ညမထွက်ရ အမိန့်ကို အချိန်တိုး သတ်မှတ်လိုက်ပါတယ်

ညမထွက်အမိန့်ထုတ်ထားသလို တယ်လီဖုန်း လိုင်းတွေ အင်တာနက်တွေ ကိုလည်း ဖြတ်တောက်ထားပါတယ်။ စစ်တပ်ကတော့ ညမထွက်ရအမိန့် အချိန်သတ်မှတ်ချက်ကို တိုးလိုက်ကြောင်း ကြောညာလိုက်ပြီး၊ အခု ဆိုရင် ကိုင်ရို၊ အလက်ဇန်းဒီယားနဲ့ ဆူးအက် မြို့တွေ မှာ ညမထွက်ရ အမိန့်ဟာ ညနေ ၄ ရာရီကနေ့ မနက် ၈ နာရီအထိ ဖြစ်သွားပါပြီ။

မနေ့ညကတော့ မူဘာရက်က အစိုးရ အဖွဲ့ကို ဖျက်သိမ်းခဲ့ပေမယ့် သူကတော့ အာဏာယူ ထားဆဲ ဖြစ်ပါတယ်။ ဒီနေ့ ငါးရက်မြောက်နေ့ ဆန္ဒပြမှုတွေ ဆက်ဖြစ်နေဆဲမို့ နောက်ဆုံး အခြေ အနေတွေကတော့ တင်းမာနေဆဲပါ။

သမ္မတမူဘာရက်က လက်ရှိ အစိုးရကို ဖျက်သိမ်း လိုက်ကြောင်း ရုပ်သံကြားကနေ ညဖက်ပိုင်းမှာ ကြေညာသွားပြီး သိပ်မကြာခင် မှာပဲ အခုလို ညမထွက်ရ အမိန့်ကို အချိန်တိုး သတ်မှတ်လိုက်တာပါ။

မနေ့က ဝတ်ပြုဆုတောင်း ချိန်ကစလို့ ဆန္ဒပြ သူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ အကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ အတွင်း လူ ၃၈ ဦး သေဆုံးခဲ့ပြီလို့ ကျန်းမားရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဆန္ဒပြ ပြည်သူတွေကတော့ လျှော့မယ့်ပုံ မပေါ်ပါဘူး။ သူတို့လိုချင်တာက နှစ်ပေါင်းများစွာ နိုင်ငံကို တဦးတည်း စိုးမိုးချုပ်ကိုင်ထားတဲ့ သမ္မတ မူဘာရက်ကို အာဏာ စွန့်လိုက်စေချင် တာပါ။

ဓာတ်ပုံ မူပိုင် Reuters
Image caption ပြဿနာတွေကို ဖြေရှင်းပေးမယ်၊ နိုင်ငံ တည်ငြိမ်အောင် ကူညီကြပါလို့ သမ္မတပြော

မူဘာရက်ကလည်း ပြည်သူတွေရဲ့ ဒေါသတွေကို သုံး၊ လေးရက် စောင့်ကြည့်ပြီးမှ နောက်ဆုံး မတတ်နိုင်တော့လို့ မနေ့ သောကြာညက အစိုးရ ရုပ်သံကနေ သူ့အစိုးရ အဖွဲ့ကို ဖျက်သိမ်း ကြောင်း ပြောပြီး သူ့အနေနဲ့ ဒါတွေကို လုပ်ဆောင်ပေးပါ့ မယ်လို့ ပြောခဲ့တာပါ။

အလုပ်လက်မဲ့ ပြဿနာတွေကို ရှင်းပေးပါ့မယ်၊ ပညာရေး၊ ကျန်းမာရေး၊ အိမ်ယာဆိုင်ရာတွေမှာ ပိုပြီး အဆင်ပြေအောင် အစိုးရအနေနဲ့ ဆောင်ရွက် ပေးပါမယ်။ လူငယ်တွေအတွက်လည်း လုပ်ပေးပါမယ်။ ပြည်သူတွေအနေနဲ့ အီဂျစ်ပြည်ကြီး တည်ငြိမ်ဖို့နဲ့ လုံခြုံရေးကို ကူညီဆောင်ရွက်ပေးပါလို့ သမ္မတ မူဘာရက်က သူ့ကို ဆင်းပေးပါလို့ တောင်းဆိုးနေတဲ့ လူထုကို ပြန်စည်းရုံးနေပါတယ်။

လူထုကတော့ လက်မခံတော့ဘူး။ နှစ်ပေါင်း များစွာ တိုင်းပြည်ကို အုပ်စိုးထားတယ်၊ အခွင့် အရေးတွေ ပိတ်ပင်ထားတယ်လို့ မြင်နေကြ ပါပြီ။

''သမ္မတ ရာထူးကနေ မဆင်းမချင်း ဆန္ဒ ဆက်ပြမယ်၊ လမ်းပေါ် စထွက်ကြတဲ့ ပထမနေ့ ကတည်းက သမ္မတမူဘာရက် ဦးဆောင်တဲ့ ဒီစနစ်ကြီး တခုလုံး အမြစ်လှန်ဖို့ ပါလို့'' ဆန္ဒပြသူတဦး ပြောပါတယ်။

အခုလို ဆန္ဒပြမှုတွေအတွင်း ကိုင်ရိုမြို့လယ်က အစိုးရရုံးတွေ မီးရှို့ပစ်တာ၊ အာဏာရပါတီ ဌာနချုပ်ကို မီးရှို့တာတွေလုပ်ခဲ့တာကြောင့် ညမထွက်ရ အမိန့်ကို ထုတ်ပြန်ခဲ့ရတာပါ။ စစ်တပ်ကတော့ ကိုင်ရို၊ စူးအက်နဲ့ အလက်ဇန်းဒြီးယားမြို့တွေမှာ ညမထွက်ရ အမိန့်တွေ ထုတ်ထားတာကြောင့် လိုက်နာဖို့ လူထုကို ပန်ကြား ထားပါတယ်။

ဓာတ်ပုံ မူပိုင် getty
Image caption ဆန္ဒပြသူတွေက သမ္မတ နှုတ်ထွက် တာကို လိုချင် နေကြတာပါ

ယဉ်ကျေးမှုတန်ဖိုးသိပ်ကြီးတဲ့ Tutankhamen ဘုရင်ကြီးရဲ့ ရွှေမျက်ဖုံးအပါအဝင် အီဂျစ် ယဉ်ကျေးမှု ပြတိုက်က ရှေးဟောင်းယဉ်ကျေးမှု တွေကို သူခိုးသူဝှက်တွေ မခိုးဝှက်သွားအောင် လည်း စောင့်ကြည့်နေရပါတယ်။

မနေ့က သမ္မတမူဘာရက် မိန့်ခွန်းပြောအပြီး မှာပဲ အမေရိကန်သမ္မတ အိုဘာမားက မူဘာရက်ကို တယ်လီဖုန်းဆက်သွယ်ပြီး အီဂျစ်အာဏာပိုင်တွေအနေနဲ့ အကြမ်းဖက် ကိုင်တွယ်ဖြေရှင်းရင် လူထုရဲ့ မကျေနပ်မှုတွေကို ကျေလည်သွားစေမှာမဟုတ်ဘူး၊ တခါ လူထုအနေနဲ့လည်း အကြမ်းဖက်မှုတွေကို မလုပ်သင့် ဘူးလို့ ပြောခဲ့ပါတယ်။

အစိုးရ အနေနဲ့ အင်တာနက် ဖျက်တောက်ပစ်တာ၊ လူမှုရေးကွန်ရက်ဝက်ဘ်တွေ သုံးမရ အောင်လုပ်တာ၊ တယ်လီဖုန်းတွကို ဖျက်ပစ်တာ မလုပ်ဖို့ သမ္မတ အိုဘားမားက တိုက်တွန်းခဲ့ ပါသေးတယ်။

အခုနောက်ဆုံးအခြေအနေကတော့ ကိုင်ရိုမြို့တော်က အဓိက နေရာတွေမှာ တင့်ကားတွေ၊ စစ်သားတွေ ရှိနေပါတယ်။ အစိုးရအသံလွှင့်ရုံကိုလည်း စောင့်ကြည့် ထားရပါတယ်။

အီဂျစ်ပြည်သူတွေ ဒီကနေ့ ငါးရက်မြောက်တဲ့အထိ လမ်းပေါ်ထွက် ဆန္ဒပြနေကြတဲ့ တခု တည်းသော အနှစ်သာရကို ပြောပါဆိုရင် ဒီမိုကရေစီ လိုချင်လို့ပါလို့ သုံးသပ်နိုင်မှာ ဖြစ်ပါ တယ်။