အီ​ဂျစ်​သမ္မတ ​ဟော်စနီ မူ​ဘာ​ရ​က်

သမ္မတဟော်စနီ မူဘာရက် ဓာတ်ပုံ မူပိုင် BBC World Service
Image caption သမ္မတဟော်စနီ မူဘာရက်

အီဂျစ်နိုင်ငံရဲ့ အမျိုးသားခေါင်းဆောင် ကြီး လို့ အစဉ်တစိုက် သူကိုယ်သူ ရည်ညွှန်း တတ်တဲ့ အီဂျစ်သမ္မတ ဟောစီနီ မူဘာရက် ရဲ့ ဘဝ ကောက်ကြောင်း ကို တစိတ်ဒေသ လေ့လာ ကြည့်ရရင် အခု အသက်၈၂ အရွယ်ရှိပြီ ဖြစ်တဲ့ မစ္စတာ မူဘာရက် ဟာ အီဂျစ်နိုင်ငံ ကို နှစ်ပေါင်း ၃ဝ အုပ်ချုပ် ခဲ့သူ ပါ။

နိုင်ငံ တည်ငြိမ်ရေးက အဓိကဆိုတဲ့ ဆောင်ပုဒ် ကို ကိုင်ဆွဲ ထားတဲ့ မစ္စတာ မူဘာရက်က လူ ၅ယောက် ထက်ပို မစုဝေးရ ဆိုတဲ့ အရေးပေါ် ဥပဒေ ထုတ်ပြန်ပြီး နိုင်ငံကို တင်းတင်း ကြပ်ကြပ် အုပ်ချုပ်ခဲ့ ပါတယ်။

နိုင်းလ် မြစ်ဝကျွန်းပေါ် ဒေသမှာ ရှိတဲ့ ရွာလေး တရွာက နွမ်းပါးတဲ့ မိသားစု က ပေါက်ဖွား လာတဲ့ မူဘာရက် ဟာ အီဂျစ် စစ်တက္ကသိုလ် ကျောင်းဆင်း တဦး ဖြစ် ပါတယ်။

သူဟာ အသက်၂၂နှစ်မှာ လေတပ် အရာရှိ ဖြစ်လာ ပါတယ်။

အသက်၄၅နှစ် အရွယ် လေတပ် ဦးစီးချုပ် နဲ့ ဒုတိယကာကွယ်ရေး ဝန်ကြီး တာဝန်တွေ ယူထားတဲ့ အချိန်၊ ၁၉၇၃ခုနှစ် Yom Kippur စစ်ပွဲ လို့ သမိုင်းတွင် ခဲ့တဲ့ အီဂျစ် ဆိုင်းနိုင်း ကျွန်းဆွယ် ကို သိမ်းပိုက် ထားတဲ့ အစ္စရေး စစ်တပ် ကို အီဂျစ်တပ် တွေ က ရှောင်တခင် စီးနင်း တိုက်ခိုက်မှု မှာ သူဟာ အဓိက စစ်ဗျူဟာ တွေ ချမှတ် ရေးဆွဲ ခဲ့သူ ဖြစ် ပါတယ်။

၂နှစ် အကြာ မှာတော့ အဲဒီ အချိန် က သမ္မတ ဆာဒတ် ကို ဒုတိယ သမ္မတ ခန့်ဖို့ ဝိုင်း ဖိအား ပေးကြတော့ မစ္စတာ ဆာဒတ် က သူ့ကို ဒုတိယ သမ္မတ ခန့်အပ် လိုက် ပါတယ်။

၁၉၈၁ သမ္မတ ဆာဒတ် လုပ်ကြံခံရတဲ့ အခါမှာတော့ ဒုတိယ သမ္မတ မူဘာရက် က သမ္မတ ဖြစ်လာ ပါတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်းမှာ မထင်မရှား လူသိနည်းတဲ့ မစ္စတာ မူဘာရက်ဟာ သူ့အရင် သမ္မတ ဆာဒတ် စတင် ခဲ့တဲ့ အစ္စရေး နဲ့ ငြိမ်ချမ်းရေး ရရှိဖို့ အားကြိုးမာန်တက် ဆောင်ရွက် ယင်း နိုင်ငံတကာ ရဲ့ အသိအမှတ်ပြု တာကို ခံလာရ ပါတယ်။

အစ္စရေးတို့ နဲ့ Camp David ငြိမ်းချမ်းရေး သဘောတူညီချက် အတွက် စေ့စပ် ဆွေးနွေးပွဲ မှာ သူ့ရဲ့ ပါဝင် ဆောင်ရွက်မှု တွေကို အမေရိကန် က အသိအမှတ် ပြုခဲ့ပြီး စစ်ရေး အကူအညီ တွေ ဘီလီယံချီ ကူညီ ခဲ့တာ အခုတိုင် ဖြစ်ပါတယ်။

အစ္စရေး ပါလက်စတိုင်း ပဋိပက္ခမှာ အလယ် အလတ် လမ်းစဉ်လိုက်တဲ့ အီဂျစ် ဟာ အနောက် နိုင်ငံတွေရဲ့ မဟာမိတ် ဖြစ်လာ ပါတယ်။

ဒါပေမဲ့ အစ္စလာမ် အစွန်းရောက်တွေ ကတော့ သူ့ကို မကျေနပ်ကြပါဘူး။

သူဟာ ၆ကြိမ်ထက် မနည်းလုပ်ကြံဖို့ ကြိုးစားတာကို ခံခဲ့ရ ပါတယ်။

တချိန်တည်းမှာပဲ သူရဲ့ အီဂျစ် ထောက်လှမ်းရေး အဖွဲ့ဟာ အဓိက အတိုက်အခံ မူစလင် သွေးချင်းညီနောင်များ အဖွဲ့ဝင်တွေကို ဖမ်းဆီး နှိပ်စက်ခဲ့ သလို အီဂျစ် ပြည်သူတွေ အပေါ် မှာလည်း အလားတူ ရက်ရက်စက် ဖိနှိပ်ခဲ့ပါတယ်။

ဒီလို အာဏာရှင်ဆန်တဲ့ အုပ်ချုပ်မှုကို လူထုက တန်ပြန် ဆန့်ကျင်လာတဲ့ အခါမှာ တော့ မူဘာရက် က သမ္မတ အာဏာတချို့ ကို ဒုတိယ သမ္မတ ဆူလေမန် ကို လွှဲပေး ဖို့ ကတိ စကား ပြောလာ ရပြီ ဖြစ်ပါတယ်။