အီဂျစ်သတင်းကို နိုင်ငံတကာ ကြိုဆို

Obama ဓာတ်ပုံ မူပိုင် AFP
Image caption စစ်တပ်ကနေ အရေးပေါ်အခြေအနေကို ပြန်ယုတ်သိမ်းဖို့ အိုဘားမားပြော

အီဂျစ် သမ္မတ မူဘာရက် ရာထူးက နှုတ်ထွက်လိုက်တဲ့အပေါ် နိုင်ငံတကာခေါင်းဆောင်တွေက ကြိုဆိုခဲ့ကြပါတယ်။

အခုလို ရာထူးက ဆင်းပေး လိုက်ပြီး ငြိမ်းချမ်းစွာ အာဏာလွှဲ လိုက်တာဟာ အီဂျစ်နိုင်ငံရဲ့ သမိုင်းမှာ မှတ်တမ်းတင်ရမယ့် နေ့တနေ့ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဘာရက် အိုဘာမားက ပြောကြားပါတယ်။

''ဒါဟာ အီဂျစ်နိုင်ငံ အသွင်ကူးပြောင်းရေးရဲ အစသာဖြစ်ပြီး နိဂုံးမဟုတ်ပါဘူ'' လို့လည်း သမ္မတ အိုဘားမားက ပြောပါတယ်။

အီဂျစ်မှာ လောလောဆယ် အဖြေ မထွက်သေးတဲ့ မေးခွန်းတွေအများကြီးရှိနေသေးပေမယ့် အီဂျစ်လူထုက ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာကြမယ်လို့ သူအခိုင်အမာ ယုံကြည်တယ်လို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ကုလ အတွင်းရေးမှုးချုပ် ဘန်ကီမွန်း

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အီဂျစ်အာဏာပိုင်တွေကို လွတ်လပ်ပြီး တရားမျှတဲ့ ရွေးကောက်ပွဲတွေ ကတဆင့် အရပ်သားအုပ်ချုပ်ရေး ကိုထူထောင်ဖို့ တိုက်တွန်းပြောဆိုပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခွင့်ရပုဂ္ဂိုလ် ရာမင် မာမင်ပါရာဆတ်ကတော့ အီဂျစ်တွေအတွက် မဟာအောင်ပွဲကြီးလို့ နိုင်ငံတော် ရုပ်မြင်သံကြား အစီအစဉ် တခုမှာ ပြောပါတယ်။

အယ်လ်ဂျီးရီးယား နေ့စဉ်သတင်းစာမှာ မူဘာရက် နှုတ်ထွက်ပြီလို့ မျက်နှာဖုံးသတင်းဖော်ပြလားပေမယ့် လူတွေလမ်းပေါ်ထွက်လာတာကို မတွေ့ရပါဘူး။ လမ်းတွေမှာ လုံထိန်းရဲတွေ နဲ့ သံချပ်ကာကားတွေ အပြည့်ချထားပါတယ်။

တူနီးရှားမှာတော့ လူတွေက ကားဟွန်းသံတညံညံကြားမှာ လမ်းတွေပေါ်ထွက် ကခုန်မြူးထူးနေကြပါတယ်။

ပါလက်စတိုင်းတွေရဲ့ နယ်မြေမှာလည်း အီဂျစ် အမျိုးသား သီချင်းကို သီဆိုပြီး ကြိုဆိုကြပါတယ်။

အစ္စရေး ကတော့ အီဂျစ်မှာ အာဏာလွှဲပြောင်းလိုက်ပေမယ့် အီဂျစ် အစ္စရေး ငြိမ်းချမ်းရေးကို မထိခိုက်ဖို့ မျှော်လင့် တယ်လို့ ဆိုပါတယ်။

လစ်ဗျားနိုင်ငံမှာတော့ သမ္မတ မူဘာရက် နှုတ်ထွက်သွားပြီး ၁နာရီအကြာမှာ မှ နိုင်ငံတော် ရုပ်မြင်သံကြားက စာတန်းထိုးပြီး သတင်းတိုဖော်ပြပါတယ်။