အိန္ဒိယထောင်မှာ အဖမ်းခံရသူတွေအတွက် ဆန္ဒပြ

လန်ဒန်မြို့လယ်က အိန္ဒိယ သံရုံးရှေ့မှာဆန္ဒပြကြ ဓာတ်ပုံ မူပိုင် BCUK
Image caption လန်ဒန်မြို့လယ်က အိန္ဒိယ သံရုံးရှေ့မှာဆန္ဒပြကြ

၁၉၉၈ခုနှစ်တုံးက အိန္ဒိယ ထောက်လှမ်းရေးက ပင်လယ်ပြင်မှာ ဖမ်းဆီးပြီး ထောင်ဒဏ် ချမှတ်ခဲ့တဲ့ လူ၃၄ယောက်တို့ကို အိန္ဒိယအကျဉ်းထောင်ကနေ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တကမ္ဘာလုံး အတိုင်းအတာနဲ့ ၁၈နိုင်ငံမှာ့ လှုပ်ရှားတောင်းဆိုခဲ့ပါတယ်။

အဲဒီ၃၄ယောက်တို့ဟာ NUPA ရခိုင်အဖွဲ့နဲ့ KNU ကရင်အဖွဲ့တွေကဖြစ်ပြီး ပစ်ဒဏ်ရောဒဏ်ငွေပါ ကျခံပြီးပေမဲ့ အခုအခါဒုက္ခသည်အဖြစ် လက်ခံမဲ့နိုင်ငံ မရှိသေးတဲ့အတွက် ဆက်လက် အချုပ်ခံနေရပါတယ်။

ယူကေနိုင်ငံရှိ နိုင်ငံရေးလှုပ်ရှားသူ အင်အား၅၀ ကျော်တို့ဟာ အိန္ဒိယနိုင်ငံသံရုံးရှေ့မှာ ဆန္ဒပြကြပြီး သူတို့ကိုပြန်လွှတ်ပေးရေး၊ ဒုက္ခသည် အဖြစ်အသိအမှတ်ပြုရေးနဲ့ တတိယနိုင်ငံတခုခုကို ခိုလှုံခွင့်ရရေးတို့အတွက် တောင်းဆိုကြပါတယ်။

တကယ်လို့ အိန္ဒိယအစိုးရက မြန်မာပြည်ကိုပြန်ပို့ရင် သူတို့အတွက် အန္တရာယ်ရှိနိုင်တယ်လို့ ဆန္ဒပြပွဲကိုဦးဆောင်သူ တယောက်ဖြစ်တဲ့ ဘားမားကင်ပိန်းယူကေမှ မမေရီလှက ဘီဘီစီကိုပြောသွားပါတယ်။

အလားတူဆန္ဒပြပွဲတွေကို အိန္ဒိယ၊ ဘင်္ဂလားဒက်ရှ်၊ထိုင်း၊မလေးရှားစတဲ့ နိုင်ငံတွေမှာလည်း တပြိုင်ထဲကျင်းပခဲ့ကြပါတယ်။