သမ္မတမူဘာရက် နှုတ်ထွက်ပြီး အီဂျစ်အခြေအနေ

အီဂျစ်နိုင်ငံမှာ သတင်း ၂ ပတ်ကျော်ကြာဖြစ်ပွားခဲ့တဲ့ သမ္မတ နှုတ်ထွက်ပေးရေး လူထုဆန္ဒပြမှုတွေကြောင့် သမ္မတ ဟော့စနီမူဘာရက် ရာထူးကနေ မနေ့က နှုတ်ထွက် သွားပြီးနောက် အာဏာပိုင်တွေက အခြေအနေ အဆင့်တခုအထိ ပုံမှန် အနေအထား ပြန်ရောက်လာအောင် ကြိုးစားဆောင်ရွက်နေကြပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption ဆန္ဒပြလူအုပ်တွေဟာ မနေ့က တညလုံး ပျော်ရွှင်စွာ အောင်ပွဲခံခဲ့

မြို့တော်ကိုင်ရို တီဟီရာ ရင်ပြင်မှာ ဆန္ဒပြ လူအုပ်တွေဟာ မနေ့က တညလုံး ပျော်ရွှင်စွာ အောင်ပွဲခံခဲ့ပြီးနောက် အခုတော့ ရင်ပြင်မှာ သန့်ရှင်းရေး စတင် လုပ်ဆောင်နေပါတယ်။

ဒါပေမယ့်လို့ တက်ကြွတဲ့ ဆန္ဒပြ အုပ်စုတွေ ကတော့ ရင်ပြင်မှာ ဆက်လက် ရှိနေဆဲ ဖြစ်ပါတယ်။ စစ်တပ်ထိန်းချုပ်မှုကနေ အရပ်သား အစိုးရပေါ်လာသည် အထိ သူတို့ ဆက်လက်ဆန္ဒပြနေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အတိုက်အခံတွေကတော့ အာဏာရှင် တယောက်ကနေ နောက်တယောက် ဆီကို ပြောင်းလဲသွားတာမဟုတ်ဘူးဆိုတာကို ဖြစ်နိုင်သမျှအမြန်ဆုံး မြင်တွေ့ချင်နေ ကြတယ်လို့ ကိုင်ရိုက ဘီဘီစီသတင်းထောက်က ပြောပါတယ်။

ဒေသတွင်း ရိုက်ခတ်မှု အခြေအနေ

အခုသတင်းပတ်တွေအတွင်း တူနီးရှားနဲ့ အီဂျစ်တို့မှာ သမ္မတတွေ တယောက်ပြီး တယောက် ဆင်းသွားပြီးနောက် အရှေ့အလယ်ပိုင်း အခြေအနေ ဘယ်ကို ဦးတည်နေတယ် ဆိုတာ အကဲ ခတ်ဖို့ ခက်နေပါတယ်။

ဓာတ်ပုံ မူပိုင် bbc

အခုသမ္မတ မူဘာရက် ရာထူးကဆင်းပြီး မြို့တော်က ထွက်သွားတာဆိုပေမယ့် အကျပ် အတည်းဖြေရှင်းမှုဘက်ကို ရောက်သွားပြီလို့ ပြောဖို့ စောနေပါသေးတယ်။

မူဘာရက်ဟာ သူရင်ဆိုင်နေရတဲ့ အခက်အခဲ တွေကို စစ်ကောင်စီက အကြီးအကဲ လက်ထဲကို ပုံပြီး ချထားခဲ့တယ်လို့ အရှေ့အလယ်ပိုင်း အကဲခတ် တွေက ဆိုပါတယ်။

တပ်ညီညွတ်ရေးနဲ့ မူဘာရက်လက်ထက် အခြေအနေထက် တိုင်းပြည်ကို ပိုကောင်းအောင် ဘယ်လို လုပ်မလဲ ဆိုတာဟာလည်း သိပ်မရေရာဘူးလို့ ဆိုပါတယ်။

အခုအီဂျစ်မှာ လူထုတော်လှန်ရေး အောင်မြင်သွားတာဟာ တခြား တူနီရှားလိုနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ပိုပြီးထူးခြားတယ်လို့ ပြောလို့ရပါတယ်။ ကြောင်းကတော့ အီဂျစ်ဟာ အင်အား ကြီးတဲ့ အာရပ်နိုင်ငံတခု ဖြစ်သလို မူဘာရက်က နှစ်ပေါင်း ၃၀ ထိန်းချုပ်ထားခဲ့ တာပါ။

ဒါကြောင့် ဒေသတွင်း အာဏာရှင်တွေဟာ လူထုရဲ့အသံကို ပိုနားထောင်ဖို့၊ အခုကိစ္စက နမူနာပြလိုက်သလို ဖြစ်နေပါတယ်။ နောက်ပြီး အီဂျစ်အရေးအခင်းကြောင့် ဒေသတွင်း စီးပွားရေးကိုလည် အများကြီး ရိုက်ခတ်ခဲ့ပါတယ်။

ဒါ့အပြင် မစ္စတာမူဘာရက် ပြုတ်ကျသွားပြီးနောက် အာရပ်အစ္စရေး ငြိမ်းချမ်းရေး အစီ အစဉ်၊ အီရန်ရဲ့ ကြီးထွားလာနေတဲ့ သြဇာလွှမ်းမိုးမှုနဲ့ မူဆလင်အစွန်းရောက် ကိစ္စတွေ ဟာလည်း ဒေသတွင်းမှာ ဘယ်လိုဖြစ်လာမယ်ဆိုတာ ကြိုတင်ဟောကိန်းထုတ်ဖို့ ခက်ခဲ သွားတယ်လို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ သဘောထား

ဓာတ်ပုံ မူပိုင် AFP
Image caption ယုံကြည်စိတ်ချရတဲ့ အသွင်ကူး ပြောင်းရေး ဖြစ်လာဖို့ ကို အာမခံရမယ်

အမေရိကန် သမ္မတအိုဘာမားကလည်း အီဂျစ် နိုင်ငံက လူထု အုံကြွမှုတွေကြောင့် ဖြစ်လာမယ့် သက်ရောက်မှုတွေနဲ့ပတ်သက်ပြီး သူ့မိတ်ဆွေ နိုင်ငံတွေနဲ့ ဆွေးနွေးဖို့ စစ်တပ် အကြံပေး ရေတပ်ဗိုလ်ချုပ်ကြီး မိုက်ခ် မူလန်ကို ဂျော်ဒန်နဲ့ အစ္စရေးကို စေလွှတ်လိုက်ပါတယ်။

မိုက်ခ်မူလန်ဟာ လုံခြုံရေးကိစ္စရပ်တွေကို ဆွေးနွေးမှာ ဖြစ်သလို အမေရိကန်ဟာ သူ့ရဲ့ အဓိက မိတ်ဆွေနိုင်ငံတွေရဲ့ ဆက်ဆံရေး ဆက်လက်ခိုင်မာနေမယ် ဆိုတာကို ပြသမှာ ဖြစ်ပါတယ်။

သူဟာ ဂျော်ဒန်ဘုရင် အက်ဘ်ဒူလာနဲ့ အစ္စရေး ဝန်ကြီးချုပ် ဘဂျမင် နတ်တန်ယာဟု တို့နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

အခုတိုင်းပြည်ကို တာဝန်ယူလိုက်ပြီဖြစ်တဲ့ အီဂျစ်စစ်တပ် အုပ်ချပ်ရေးကောင်စီ အနေနဲ့ လွပ်လပ်တရားမျှတဲ့ ရွေးကောက်ပွဲ အတွက် ယုံကြည်စိတ်ချရတဲ့ အသွင်ကူး ပြောင်းရေး ဖြစ်လာဖို့ကို အာမခံရမယ်လို့ သမ္မတအိုဘားမားက အစောပိုင်းက ပြောပါတယ်။

အာရပ်နိုင်ငံ သတင်းမီဒီယာတွေရဲ့ ဖေါ်ပြချက်

အာရပ်နိုင်ငံရဲ့ သတင်းမီဒီယာတွေကလည်း အီဂျစ်နိုင်ငံက အဖြစ်အပျက်တွေနဲ့ပတ်သက်တဲ့ သတင်းထုတ်ပြန်မှုတွေကို အဓိက ဖေါ်ပြပေးနေပါတယ်။

ဓာတ်ပုံ မူပိုင် bbc
Image caption အီဂျစ်အစိုးရဟာ ပြည်သူတွေရဲ့ ဆန္ဒနဲ့ ရွေးချယ်မှုကို လေးစားခဲ့တယ်လို့ ဖေါ်ပြ

ဂျော်ဒန် နိုင်ငံပိုင် သတင်းအေဂျင်စီကဆိုရင် အီဂျစ်အစိုးရဟာ ပြည်သူတွေရဲ့ ဆန္ဒနဲ့ ရွေးချယ်မှုကို လေးစားခဲ့ကြောင်း၊နောက်ပြီး စစ်တပ်ဟာ တိုင်းပြည် တည်ငြိမ်ရေးကို လုပ်ဆောင်မယ်ဆိုတာကို အီဂျစ်အစိုးရက ယုံကြည်မှု အများကြီးရှိတယ်လို့ ကြေညာ ပြောဆိုပါတယ်။

ဂျော်ဒန်နဲ့ ဘာရိန်း နိုင်ငံက သတင်းစာတွေမှာ ဆိုရင် သူတို့အစိုးရတွေက အီဂျစ်နိုင်ငံက အဖြစ် အပျက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ စိုးရိမ်မှုတွေ ကို ပြေပျောက်အောင် ကြိုးစား ဆောင်ရွက် ခဲ့ကြတယ် ဆိုတာကို အလေးပေး ဖေါ်ပြထားပါတယ်။

အီဂျစ်စစ်တပ်ဟာ အခြေအနေတွေ တည်ငြိမ်လာအောင် လုပ်ပေးနိုင်လိမ့်မယ်လို့ ယုံကြည် ကြောင်း ယီမင်အစိုးရ သတင်းစာတွေမှာလည်း ရေးသားဖေါ်ပြပါတယ်။