အီဂျစ် အခြေခံဥပဒေနဲ့ ပါလီမန်ကို ဖျက်သိမ်းမယ်

Image caption စစ်တပ်က အခြေခံဥပဒေနဲ့ ပါလီမန်ကို ဖျက်သိမ်း မယ်လို့ ဝန်ကြီးချုပ်က ရှင်းလင်း

အီဂျစ်နိုင်ငံက လက်ရှိအခြေခံဥပဒေနဲ့ ပါလီမန်တို့ကို ဖျက်သိမ်းပေးမယ်လို့ တိုင်းပြည်တာဝန်ကို လွှဲပြောင်းယူလိုက်တဲ့ အီဂျစ်စစ်တပ် အာဏာပိုင်တွေက နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ ကြေညာသွား ပါတယ်။

စစ်တပ်ဟာ နိုင်ငံတော်အာဏာကို ၆ လ ဒါမှမဟုတ် နောက်ရွေးကောက်ပွဲ မတိုင်ခင် အချိန်အထိ ယူထားမှာ ဖြစ်တယ်လို့ လည်း ကြေညာ ပြောဆိုသွားပါတယ်။

အစောပိုင်းကတော့ ထောင်နဲ့ချီတဲ့ ဒီမိုကရေစီရေး ဆန္ဒပြသူ လူအုပ်တွေဟာ မြို့တော် ကိုင်ရိုက တာဟီရာ ရင်ပြင်ကို ပြန်လည် ဝင်ရောက်လာကြပါတယ်။

အီဂျစ်စစ်တပ်က ရင်ပြင်ထဲကို တိုးဝင်လာပြီး ရင်ပြင်ထဲမှာ ကျန်နေတဲ့ လူတွေကို အိမ်ပြန် ကြဖို့ ပြောခဲ့ပေမယ့် တက်ကြွတဲ့ ဆန္ဒပြသူတွေက တော့ ငြင်းဆန်ကြပါတယ်။

စစ်တပ်နဲ့ ဆန္ဒပြသူတွေအကြား တဖက်နဲ့တဖက် တွန်းထိုးမှုတွေ ဖြစ်ခဲ့ပါတယ်။ စစ်ရဲဌာန ကတော့ တာဟီရာ ရင်ပြင်မှာ ဆန္ဒပြတာတွေကို မမြင်လိုတော့ဘူးလို့ ပြောထားပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption ဆန္ဒပြသူတွေက ရင်ပြင်ကနေ ပြန်ထွက်ဖို့ ငြင်းဆန် ကြပါတယ်

ဆန္ဒပြသူ ထောင်နဲ့ချီပြီး အိမ်ပြန်သွားခဲ့ကြ ပေမယ်လို့ အများအပြားကတော့ တာဟီရာ ရင်ပြင်ထဲမှာ ဆက်ရှိနေကြဆဲ ဖြစ်ပါတယ်။

စစ်တပ်အနေနဲ့ ဒီမိုကရေစီပြောင်းလဲရေးကို လုပ်မယ်ဆိုတဲ့ ကတိပေးပြီးမှ သူတို့အိမ်ပြန်မှာ ဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

တာဟီရာ ရင်ပြင်ဟာ သမ္မတမူဘာရက် ရာထူးက ဆင်းသွားအောင် အုံကြွမှုတွေ ဖြစ်ခဲ့တဲ့ အဓိက နေရာဖြစ်ပါတယ်။

ရဲတွေပြန်ချထားတာကို ဒေါသထွက်နေကြတဲ့ ဆန္ဒပြသူတွေက ရဲတွေကို ပြစ်တင်ရှုတ်ချ ခဲ့တဲ့ အတွက်လည်း ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ပါတယ်။

ဆန္ဒပြမှုတွေအတွင်း အကြမ်းဖက်မှုတွေ ဖြစ်ပွား ရတာဟာ ရဲကြောင့်ဖြစ်ရတာလို့ ဆန္ဒပြသူ တွေက ရဲကို အပြစ်တင်ပါတယ်။

ကိုင်ရိုမြို့ နေရာ အတော်များများမှာ အခြေအနေ တွေဟာ ပုံမှန်ပြန်ဖြစ် လာပေမယ့်လို့ ဆန္ဒပြသူတချို့ကတော့ အခုစစ်အုပ်ချုပ်ရေးက သူတို့ကတိအတိုင်း နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု လုပ်မလုပ်ဆိုတဲ့အပေါ် သံသယရှိနေကြတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။