ဒုဗိုလ်ချုပ်ကြီးဟောင်း တင်အေး အမတ်အဖြစ်က နှုတ်ထွက်

ဓာတ်ပုံ မူပိုင် Reuters
Image caption ဒုဗိုလ်ချုပ်ကြီးဟောင်း တင်အေး ( ဝဲမှ တတိယ)

လက်ရှိ မြန်မာစစ်အစိုးရ ထိပ်တန်းခေါင်းဆောင်တဦး ဖြစ်တဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီဝင် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးဟာ မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်က နှုတ်ထွက်လိုက်ပါတယ်။

သူ့ရဲ့နှုတ်ထွက်လွှာကို လက်ခံလိုက်ကြောင်း ဒီမနက် နေပြည်တော်မှာကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းဝေးမှာ ကြေညာခဲ့တာပါ။

ဒီလို ကြေညာရာမှာ ဘယ်လို အကြောင်းပြချက်ကိုမှ ဖေါ်ပြခဲ့ခြင်း မရှိဘူးလို့ လွှတ်တော် အစည်းအဝေးတက်ခဲ့တဲ့ ကိုယ်စားလှယ်တဦးက ပြောပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ လက်ရုံး လူယုံတဦး ဖြစ်ပြီး စစ်အစိုးရ ထိပ်တန်းခေါင်းဆောင်ဆယ်ဦးလောက် စာရင်းမှာ ပါသူဖြစ်တဲ့အတွက် သူအခုလို နှုတ်ထွက်သွားတာဟာ သာမန်နှုတ်ထွက်တာမျိုးထက် မကျေနပ်မှုတခုခုကြောင့် ဖြစ်နိုင်တယ်လို့ အကဲခတ်တွေက ခန့်မှန်းနေပါတယ်။

၂၀၁၀ ရွေးကောက်ပွဲအပြီး မြန်မာအစိုးရသစ်ဖွဲ့စည်းဖို့ သမ္မတ၊ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးနဲ့ ပြည်နယ်ဝန်ကြီး ရာထူးနေရာတွေအတွက် လူရွေးပြီးတဲ့ နောက်ပိုင်းမှာ သူအခုလို နှုတ်ထွက်သွားခဲ့တာလည်း ဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးဟာ ၊စစ်တပ်စီးပွားရေး အတွက် တည်ထောင်ထားတဲ့ ဦးပိုင်လီမိတက်ရဲ့ ဥက္ကဌနေရာမှာ တာဝန်ယူခဲ့ပြီး ဗိုလ်ချုပ်ကြီး သူရရွှေမန်းရဲ့ မြောက်ကိုရီးယားကို သွားရောက်တဲ့ခရီးစဉ်တုန်းကလည်း အတူပါဝင်ခဲ့သူဖြစ်ပါတယ်။

ဦးတင်အေးနှုတ်ထွက်တာဟာ မလုပ်ချင်တော့လို့ ရိုးရိုးနှုတ်ထွက်တာမျိုး မဖြစ်နိုင်ပဲ မကျနပ်ချက် တခုခုကြောင့် နှုတ်ထွက်တာ ဖြစ်နိုင်တယ်လို့ ပြည်ပရောက် ဗိုလ်မှူးဟောင်းမြတ်နိုးက သုံးသပ်ပါတယ်။

ဦးတင်အေးနှုတ်ထွက်သွားတဲ့နောက်ကွယ်က အကြောင်းရင်းကို ဒီအချိန်မှာ အတိအကျတော့ မသိနိုင်သေးပါဘူး။

အဲဒီလိုအတိအကျ မသိနိုင်တဲ့အတွက်ကိုဘဲ ဒါဟာသာမန်နှုတ်ထွက်မှုဆိုတာထက် ဘယ်သူခွဲခွဲဒို့မကွဲဆိုတဲ့ စစ်တပ်ရဲ့ ထိပ်ဆုံးအဆင့်မှာ အက်ကြောင်း တခုကို ပထမဆုံးမြင်လာရပြီးလားဆိုပြီး သုံးသပ်တဲ့သူတွေက စောင့်ကြည့်နေကြတာပါတယ်။