လစ်ဗျားဆန္ဒပြပွဲမှာ သေဆုံးမှုတွေရှိလာ

libya_ ဓာတ်ပုံ မူပိုင် Getty
Image caption လစ်ဗျားကဆန္ဒပြနေကြသူများ

လစ်ဗျား နိုင်ငံ ဘင်ဂါဇီ မြို့တော် မှာတော့ အစိုးရကို ဆန့်ကျင် ဆန္ဒပြကြသူ တွေကို လုံခြုံရေး တပ်ဖွဲ့တွေက ပစ်ခတ်ခဲ့လို့ လူတချို့ အသက် ဆုံးရှုံး ခဲ့ကြ ရတယ်လို့ မျက်မြင်တွေ က ဘီဘီစီကို ပြောပါတယ်။

ဆန္ဒပြ သူတွေက မြေပြင်မှာ လုံခြုံရေး တွေနဲ့ တိုက်ခိုက် နေစဉ် မှာပဲ သူတို့ကို တိုက်ခေါင်မိုး တွေ ပေါ်က လက်ဖြောင့် သေနတ် သမား တွေက လှမ်းပစ် ခဲ့ကြ တယ်လို့ လဲဆိုပါတယ်။

ဘင်ဂါဇီမြို့ ဂျာလား ဆေးရုံက အမည် မဖော်လိုတဲ့ ဆရာဝန် တစ်ဦးက အခြေအနေ တွေက တော်တော် ဆိုးရွားပြီး သေဆုံးတဲ့ လူတွေလဲ များကြောင်း၊ မသေဘဲ ဒဏ်ရာရသူ တွေ မှာလဲ တော်တော့်ကို ထိတ်လန့် တုန်လှုပ် နေကြတာ ကို တွေ့ရကြောင်း ဆိုပါတယ်။

သေဆုံး ခဲ့သူတွေ မှာတော့ ဦးခေါင်း၊ ရင်ဘတ်နဲ့ ဝမ်းဗိုက် တွေကို အပစ် ခံခဲ့ရတာ ကို တွေ့ရကြောင်း တွေကို ပြောပြ သွားပါတယ်။

ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဝီလီယံ ဟိဂ်ကတော့ ဒါဟာ အင်မတန်မှ တုန်လှုပ်စရာ ကောင်းသလို လက်မခံ နိုင်စရာ လဲဖြစ်တယ်လို့ ဆိုပါတယ်။

အငယ်တန်း ဝန်ကြီး အလ္လစ္စတာ ဘတ် ကလည်း လစ်ဗျား အစိုးရဘက်က ဆန္ဒပြသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးမဲ့ အရိပ်အယောင် တောင် မတွေ့ဘူးလို့ ပြောပါတယ်။

တူရကီ ကတော့ လစ်ဗျား နိုင်ငံ မှာ ဖြစ်ပျက် နေတာ တွေဟာ အတော့် ကို စိုးရိမ် စရာ ကောင်းနေ တယ်လို့ ဆိုပါတယ်။