လူမျိုးစု တပ်မတော် အပေါ် သုံးသပ်ချက်

knu_general_mutu ဓာတ်ပုံ မူပိုင် Reuters
Image caption တိုင်းရင်းသား တပ်မတော်မှ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး

ထိုင်းမြန်မာ နယ်စပ် တနေရာမှာ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ ရဲ့ ပထမ ညီလာခံကနေ ညီညွတ်တဲ့ တပ်မတော် တစ်ရပ် ဖွဲ့စည်းကြောင်း ကြေငြာလိုက် ပါတယ်။

မြန်မာ အစိုးရက အရပ်သား အစိုးရ ဖွဲ့စည်းနေချိန်မှာ တိုင်းရင်းသား အုပ်စုတွေ ဘက်က တပ်မတော် ဖွဲ့တာနဲ့ ပတ်သက်လို့ အမေရိကန် ရပ်ဂျား တက္ကသိုလ်က ပါမောက္ခ ဂျိုးဆက် ဆေးလ်ဗား စတိုင်းကို သူရေးထားတဲ့ ဆောင်းပါး ထဲကလို ပြည်တွင်းစစ် ပြန်ဖြစ် လာနိုင် မလားလို့ မေးကြည့်တဲ့ အခါမှာ ပါမောက္ခရဲ့ သုံးသပ်ချက် အရဆိုရင် အရင်က ဗိုလ်ချုပ်မြ ကိုယ်တိုင်လဲ တိုင်းရင်းသား လက်နက်ကိုင် အုပ်စု ၃ စုကို အခြေခံပြီး ၁၉၇၀ ပြည့်လွန် နှစ်တွေမှာ မဟာမိတ် တပ်မတော် ဖွဲ့စည်း ဖူးတာကို မှတ်မိသေးကြောင်း နဲ့ ဒီတပ်ဖွဲ့ကလဲ မြန်မာ အစိုးရကို စိမ်ခေါ် ခဲ့ဖူးကြောင်းကို ပါမောက္ခ က ဘီဘီစီကို ရှင်းပြ ခဲ့ပါတယ်။

ဒါပေမယ့် အရင်က တိုင်းရင်းသား တပ်ဖွဲ့တွေ ဖွဲ့စည်းခဲ့ဖူး ပေမယ့် ထင်သလောက် ခရီးမပေါက် ခဲ့လို့ အခု တပ်မတော် အနေနဲ့ရော အောင်မြင်နိုင် ပါ့မလား ဆိုတာကိုတော့ အစိုးရဘက်က သူလုပ်နေကျ ပုံစံ အတိုင်း အဲဒီ အဖွဲ့ထဲက တဖွဲ့ကို ချဉ်းကပ် ပြီး သွေးခွဲတဲ့ ပုံစံကို လုပ်ဦးမှာ ဖြစ်ကြောင်းနဲ့ ဒီလို လုပ်လို့ အောင်မြင် သွားခဲ့ရင် တိုင်းရင်းသား တပ်မတော် ရဲ့ ရည်မှန်းချက် ဟာလဲ နိဂုံး ချုပ်သွားမှာ ပဲ လို့ ရှင်းပြပါတယ်။

ဒါပေမယ့် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုတွေ အနေနဲ့ စစ်အစိုးရကနေ အသွင်ကူးပြောင်း လာတဲ့ အရပ်သား အစိုးရ လက်ထက်မှာ သူတို့ရဲ့ အနာဂတ်ဟာ မရေရာတော့ ဘူးဆိုတဲ့ အသိကို လက်ခံထားပြီး ပူးပေါင်းတိုက်ခိုက်မှုတွေ လုပ်လာရင်ဒါဟာ အစိုးရကို လေးနက်တဲ့ စိမ်ခေါ်မှု ပြုလိုက်တာပဲ လို့ သူထင်မြင်ကြောင်း ကို သုံးသပ်ပြ သွားပါတယ်။