လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့ အခြေအနေ အထူးစိုးရိမ်ရ

Image caption လူ ၁၇၀ လောက် သေဆုံးသွားပြီလို့ Human Rights Watch အဖွဲ့က ပြောပါတယ်

လစ်ဗျားနိုင်ငံမှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လက်ချက်နဲ့ သေဆုံးသွားခဲ့တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေရဲ့ အသုဘကို လိုက်ပို့တဲ့လူတွေကို စစ်တပ်က စက်သေနတ် တွေ မော်တာတွေနဲ့ ပစ်ခတ်ခဲ့ပြီး နောက် တနေ့မှာတော့ ဘန်ဂါဇီမြို့ရဲ့ အခြေအနေ ဟာ အန္တရာယ်ရှိတဲ့ အနေအထားမျိုး ဖြစ်နေ တယ်လို့ အဲဒီမြို့က ဆရာဝန်တွေက ပြောပါတယ်။

အဲဒီမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အသုဘပို့ သူတွေကို စက်သေနတ်တွေ၊ မော်တာတွေ၊ ပြောင်းချော သေနတ်ကြီးတွေ အပြင် မစ်ဆိုင်း လက်နက် တခုနဲ့တောင် ပစ်ခတ်ခဲ့တယ် လို့ မျက်မြင်သက်သေတွေက ပြန်ပြောပြပါတယ်။

စစ်တပ်ဝင်းထဲကို ဆန္ဒပြသူ တချို့က မီးလောင်ဗုံးတွေနဲ့ ပစ်ပေါက်ခဲ့တယ်လို့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြောပေမယ့် အတိုက်အခံ ထောက်ခံ အားပေးသူတွေကတော့ စစ်တပ်ဘက်က အသားလွတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဆေးရုံတွေမှာလည်း လူသေအလောင်းတွေနဲ့ ပြည့်နှက်နေတယ်လို့ ဆရာဝန်မ တဦးက ဘီဘီစီကို ပြောပြပါတယ်။ ဘန်ဂါဇီ မြို့က ဂျာလာ ဆေးရုံကို အနည်းဆုံး သေဆုံးသူ ရုပ်အလောင်း ၄၅ လောင်းနဲ့ ဒဏ်ရာရသူ ၉၀၀ လောက် ရောက်လာပြီး အများစုဟာ သေနတ် ဒဏ်ရာတွေ ရထားတယ် အဲဒီဆရာဝန်က ပြောပါတယ်။

သေနတ် ဒဏ်ရာ ၉၀ ရာခိုင်နှုန်းက ခေါင်း၊ လည်ပင်းနဲ့ ရင်ဘတ်တွေမှာ ရထားတာလို့ ဆိုပါတယ်။ တခြား ဆေးရုံတွေမှာလည်း ထိခိုက် ဒဏ်ရာ ရသူတွေနဲ့ ပြည့်နှက်နေပြီး သေဆုံးသူ အရေအတွက်ကို ရေတောင် မရေနိုင်ဘူးလို့ သိရကြောင်း အဲဒီ ဆရာဝန်မက ပြောပြပါတယ်။

တခါ ဗိုလ်မှူးကြီး ကဒါဖီ အစိုးရက သူ့ရဲ့ အထူး တပ်ဖွဲ့ကိုရော၊ ဆာဟာရ အာဖရိက ဒေသက ကြေးစားတပ်ဖွဲ့တွေကိုပါ ဆင့်ခေါ်ထားတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

ဘန်ဂါဇီမြို့ရဲ့ နောက်ဆုံးအခြေအနေတွေ ကတော့ ဆန္ဒပြသူတွေဟာ နောက်ထပ် အသုဘ တခု ပို့ဖို့အတွက် ပြင်ဆင်နေကြတယ်လို့ သိရ ပါတယ်။ သူတို့ဟာ အခုအသုဘပို့တဲ့ အခါမှာ လည်း စစ်တပ်နယ်မြေကို ဖြတ်သွားကြရဦးမှာ ဖြစ်ပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Human Rights Watch အဖွဲ့ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်း တွေအတွင်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေမှာ အကြမ်းဖက်မှုတွေကြောင့် သေဆုံးသူဟာ အနည်းဆုံး ၁၇၀ လောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

ဒါပေမဲ့ နိုင်ငံခြားသားသတင်းထောက်တွေကို လစ်ဗျားနိုင်ငံထဲ အစိုးရက ပေးမဝင်တဲ့ အတွက် သေဆုံးသူ အရေအတွက် အတိအကျ သိနိုင်ဖို့က အခက်အခဲ ရှိပါတယ်။

အယ်လ်ဘေဒါနဲ့ ဒါနာမြို့တွေ အပါအဝင် နိုင်ငံအရှေ့ပိုင်းက တခြားမြို့တွေမှာရော၊ ထရီပိုလီမြို့တော်ကနေ မိုင်တရာကျော် ဝေးတဲ့ အနောက်ပိုင်း မစ်ဆရာတာ မြို့မှာပါ အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံပိုင်ရုပ်သံဌာနကတော့ တတိယအကြီးဆုံးမြို့ အဲလ်ဘေးဒါမှာ အဆောက်အဦးတွေ ဖေါက်ခံ ထားရတဲ့ပုံတွေ မီးလောင်နေတဲပုံတွေကို ပြသပါတယ်။ ဒါပေမယ့် ဒီပုံတွေဟာ ဘယ်အချိန်တုန်းက ရိုက်ယူ ထားခဲ့တဲ့ ပုံတွေ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ဖေါ်ပြခြင်း မရှိပါ။

နိုင်ငံအရှေ့ဖျား တူဘရွတ်ခ်မြို့မှာလည်း ထောင်နဲ့ချီတဲ့လူတွေဟာ မြို့လယ်မှာ စုရုံးဆန္ဒပြ ခဲ့ တယ်လို့ ဒေသခံတဦးက ဘီဘီစီကို ပြောပါတယ်။ တချို့ဆန္ဒပြသူတွေဟာ အေကေ ၄၇ မောင်းပြန် သေနတ်တွေ ကိုင်ဆောင်ထားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် လောလောဆယ်မှာတော့ ဗိုလ်မှူးကြီး ကဒါဖီရဲ့ အဓိက အင်အားစခန်းမြို့ဖြစ်တဲ့ ထရီပိုလီ မြို့တော်မှာတော့ ဆန္ဒပြမှု ကြီးကြီးမားမား မတွေ့ရသေးကြောင်းပါ။