လစ်ဗျား အရေး တသံတည်း ထွက်ကြဖို့ အိုဘားမား ပြောပြီ

ဓာတ်ပုံ မူပိုင် BBC World Service
Image caption လစ်ဗျား အရှေ့ပိုင်း Tobruk မြို့က အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသမား တွေရဲ့ အောင်ပွဲခံမှု

လစ်ဗျားနိုင်ငံက သွေးထွက်သံယို ဖြစ်မှုတွေ အပေါ် အမေရိကန် သမ္မတ အိုဘားမားက ရှုတ်ချလိုက်ပြီး လက်နက်နဲ့ အာဏာပိုင်တွေက ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နင်း နေတာဟာ သည်းမခံ နိုင်စရာဘဲ ၊ ဒါကိုတုန့်ပြန်ဖို့ အမေရိကန် အစိုးရ အနေနဲ့ နည်းလမ်း မျိုးစုံကို ပြင်ဆင်သွားမယ်လို့ ဆိုပါတယ်။

အသေးစိတ်ကိုတော့ သူက ရှင်းပြမသွားပေမယ့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ဂျီနီဗာကို သွားပြီး တခြား နိုင်ငံတွေနဲ့ သွားရောက် ဆွေးနွေးမယ်လို့ သိရပါတယ်။

လစ်ဗျားအရေးနဲ့ ပတ်သက်လို့ တသံတည်း ထွက်ပြီး ညီညွတ်ကြဖို့ အရေးကြီးတယ်လို့လည်း မစ္စတာ အိုဘားမားက ပြောပါတယ်။

လစ်ဗျားနိုင်ငံမှာ အရပ်သားတွေကို လက်နက်နဲ့ အကြမ်းဖက် နှိမ်နင်းရာမှာ တာဝန်ရှိသူကို အရေးယူမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ကလည်း လေးလေးနက်နက် ပြောကြားလိုက်ပါတယ်။

အကြမ်းဖက်မှုတွေ အဆုံးသတ် သွားစေမယ့် နည်းလမ်း မျိုးစုံကို ရှာဖွေနေပြီး အမေရိကန်ရဲ့ မဟာမိတ်တွေနဲ့ ပူးပေါင်း ဖြေရှင်းဖို့ ကြိုးစားနေတယ်လို့ ဝါရှင်တန်မြို့မှာ ပြောသွားခဲ့ပါတယ်။

အရှေ့ အလယ်ပိုင်းမှာ အကောင်းဆုံး လေ့ကျင့်ပြီး နောက်ဆုံးပေါ် လက်နက်တွေ တပ်ဆင်ထားတဲ့ လစ်ဗျား လေတပ်စခန်းကို လက်နက်မဲ့ လူထုက ဘယ်လို စီးနင်း သိမ်းပိုက်နိုင်ခဲ့သလဲ ဆိုတဲ့ အသေးစိတ် အကြောင်းတွေ ထွက်ပေါ် လာပါပြီ။

အစိုးရ အနေနဲ့ အထူးတပ်ဖွဲ့တွေသုံး၊ နိုင်ငံခြားက ကြေးစားတပ်သားတွေ သုံးပြီး ဆန္ဒပြ ဆူပူမှုတွေကို နှိမ်နင်းဖို့ ကြိုးစားခဲ့တာပါလို့ လစ်ဗျား အရှေ့ပိုင်း က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒါပေမယ့် အဲဒီကိစ္စကို ဒေသခံတွေက ကြားသွားတော့ အဲဒီလေတပ်စခန်းဆီကို ဗွေဆော်ဦး သွားပြီး တုတ်တွေ ခဲတွေသုံးကာ လက်ရွေးစင် တပ်သားတွေ ဆီကနေ စခန်းကို ဝင်သိမ်းနိုင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် တိုက်ခိုက်မှုတွေဖြစ်ပြီး ရက်ပိုင်းအတွင်း ဆန္ဒပြသမားတွေက ပိုကောင်းတဲ့ လက်နက်တွေ ရပြီး အစိုးရတပ်တွေကို ပြန်လည်ချေမှုန်းနိုင်တာ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။

လစ်ဗျားနိုင်ငံ အနောက်ပိုင်း ဒေသတွေကို ခေါင်းဆောင် ဗိုလ်မှူးကြီး ကဒါဖီက ထိန်းချုပ်ဖို့ ကြိုးစားနေချိန်မှာ နိုင်ငံအရှေ့ပိုင်းက ထောင်သောင်းချီတဲ့ အစိုးရ ဆန့်ကျင်သမားတွေက သူတို့အခေါ်အရ လွတ်မြောက်မှု အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပခဲ့ကြပါတယ်။

ဘန်ဂါဇီနဲ့ တဘရွတ်ခ်မြို့တွေမှာ ဆန္ဒပြသမားတွေက အလံတွေ ဝှေ့ယမ်း ၊ ကားဟွန်းတွေတီး ၊ မီးရှူးမီးပန်း ပစ်ဖောက်ကာ ပါတီပွဲကြီး ကျင်းပနေသည့် အလား အောင်ပွဲခံ ခဲ့ကြတယ်လို့ သတင်းထောက် တွေက ပြောပါတယ်။

ထရစ်ပိုလီမြို့ မှာတော့ တိတ်ဆိတ် ခြောက်ကပ်နေပြီး ဗိုလ်မှူးကြီး ကဒါဖီရဲ့ တပ်တွေက ပစ်ခတ်မှာစိုးလို့ အပြင်တောင် မထွက်ရဲကြဘူးလို့ မြို့ခံတွေက ပြောပါတယ်။

လစ်ဗျားရဲ့ တတိယ အကြီးဆုံး မြို့တော်ဖြစ်တဲ့ မစ်ရာတာမြို့မှာတော့ ဆန္ဒပြ သမားတွေကို လုံခြုံရေးတပ်တွေက ပစ်ခတ်ခဲ့လို့ လူအများအပြား သေဆုံးခဲ့ ရတယ်လို့ သတင်းရရှိပါတယ်။

လစ်ဗျားမှာ မငြိမ်မသက်မှုတွေ စဖြစ် ကတည်းက ဆိုရင် သေဆုံးသူ ရဝဝ လောက် ရှိသွားပြီလို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့က ထုတ်ပြန်ခဲ့ ပါတယ်။

အီတလီနိုင်ငံ ရောမမြို့မှာ ဥရောပ ခြောက်နိုင်ငံက ဝန်ကြီးတွေ တွေ့ဆုံပြီး လစ်ဗျားနိုင်ငံကနေ ခိုးဝင်လာသူတွေ များပြားလာတဲ့ ကိစ္စကို ဆွေးနွေး နေပါတယ်။

လတ်တလော လစ်ဗျားက မငြိမ်မသက်မှုတွေကြောင့် ဥရောပထဲကို ခိုးဝင်လာတဲ့ သူတွေ သုံးသိန်းလောက် ရှိနိုင်တယ်လို့ အီတလီ နိုင်ငံခြားရေးဝန်ကြီး Franco Frattini က ပြောပါတယ်။

တချိန်တည်းမှာ လစ်ဗျားနိုင်ငံအပေါ် လိုအပ်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားဖို့ ဥရောပ သမဂ္ဂ သံအမတ်တွေက ဘရပ်ဆဲလ်မြို့မှာ ဆွေးနွေးနေကြပါတယ်။

လစ်ဗျားနိုင်ငံမှာ ပိတ်မိနေတဲ့ သူတို့နိုင်ငံသားတွေကို ကမ္ဘာတလွှားက နိုင်ငံတွေက ကယ်ထုတ်ဖို့ အကြီးအကျယ် အားထုတ်နေကြတာကြောင့် အခုလို အရေးယူဖို့ ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

လစ်ဗျားနိုင်ငံမှာ ပိတ်မိနေတဲ့ သူတို့နိုင်ငံသားတွေကို ကယ်ထုတ်ဖို့ ကမ္ဘာတလွှားက နိုင်ငံတွေက အကြီးအကျယ် အားထုတ်နေကြပါတယ်။

အမေရိကန် ၊ တရုတ်နဲ့ တခြား ဥရောပနိုင်ငံတွေက လေယာဉ်တွေ ၊ သင်္ဘောတွေ ကတို့ရေယာဉ်တွေနဲ့ သူတို့နိုင်ငံသားတွေကို ကယ်ထုတ်နေပါတယ်။

တူရကီနိုင်ငံကတော့ သူ့နိုင်ငံသား အယောက် ငါးထောင်ကို ကယ်ထုတ်ခဲ့ပါတယ်။

ပါလက်စတိုင်း အယောက် ကို နေရင်း ပြန်ခွင့်ပေးလိုက်တယ်လို့ အစ္စရေးက ပြောပါတယ်။

ဒါ့အပြင် နေရပ်ပြန် ထွက်ခွာသွားကြတဲ့ အာဖရိကနေ လစ်ဗျားမှာ လာရောက်နေထိုင်သူ အများအပြားတို့ရဲ့ မော်တော်ကားတွေလည်း နယ်စပ် တလျောက်မှာ တွေရပြီး ကားတွေပေါ်မှာ အိမ်ထောင်ပရိဘောဂနဲ့ အဝတ်အစားတွေ အပြည့်အသိတ် တင်ဆောင်ထားတာ တွေ့ရပါတယ်။

လစ်ဗျားနိုင်ငံမှာ နိုင်ငံရေး မငြိမ်မသက်မှုတွေကြောင့် ကမ္ဘာ့ ရေနံစိမ်း စျေးနှုန်းဟာ သိသိသာသာ ခုန်တက်သွားပါတယ်။

၂ဝဝဂ ခုနှစ်နောက်ပိုင်း ကတည်းကဆိုရင် နယူးယောက်မြို့မှာ ရေနံစိမ်း တစည်ဟာ ပထမဆုံးအနေနဲ့ ဒေါ်လာတရာကျော်အထိ မြောက်သွားပါပြီ။

လစ်ဗျားဟာ ဥရောပတလွှားကို အဓိက ရေနံတင်ပို့နေတဲ့ နိုင်ငံဖြစ်ပြီး နေ့စဉ် ရေနံသုံးစွဲမှုရဲ့ ၆ဝ ရာခိုင်နှုန်းကို ထုတ်လုပ်မှု ရပ်ဆဲထားတယ်လို့ သုံးသပ်သူတွေက ပြောနေပါတယ်။

အခုလို ထုတ်လုပ်မှု လိုအပ်ချက်တွေကို ဆော်ဒီအာရေဗျက ဖြည့်တင်းပေးမယ်လို့ ပြောနေပေမယ့် ရေနံတင်ပို့မှု အခက်အခဲတွေ အပေါ် စိုးရိမ် နေတာကြောင့် ရေနံစျေးကတော့ တဟုန်ထိုး တက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

အရှေ့အလယ်ပိုင်းက မငြိမ်မသက်မှုတွေကြောင့် အခုလို ရေနံစျေး တက်လာတဲ့ အပေါ် အမေရိကန်က အနီးကပ် အကဲခတ် လေ့လာနေတယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ်က ဝါရှင်တန်မြို့ကနေ ပြောကြားလိုက်ပါတယ်။