လစ်ဗျားအပေါ် ကုလသမဂ္ဂ အရေးယူမယ်

Image caption ကဒါဖီရဲ့လုပ်ရပ်ဟာ နိုင်ငံတကာ စံထားချက် အားလုံးကို လုံးဝချိုးဖေါက်ရာရောက်တယ်

လစ်ဗျားနိုင်ငံမှာ ဆန္ဒပြ အရပ်သားတွေ အပေါ် အာဏာပိုင်တွေက အကြမ်းဖက် နှိမ်နှင်းခဲ့တဲ့အတွက် ဗိုလ်မျူးကြီး ကဒါဖီနဲ့ သူ့နဲ့နီးစပ်တဲ့ အပေါင်းအပါတွေကို အရေးယူဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ တညီတညွတ်ထဲ ဆုံးဖြတ် အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

လစ်ဗျားနိုင်ငံကို လက်နက်ရောင်းချခွင့် ပိတ်ပင် လိုက်ပြီး၊ ကဒါဖီမိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်လိုက်ပါတယ်။ နောက်ပြီး လစ်ဗျား အာဏာပိုင်တွေကို နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံး ICC ကို လွှဲပြောင်းဖို့ လုံခြုံရေးကောင်စီမှာ သဘောတူခဲ့ကြပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူး ဘန်ကီမွန်းကလည်း လစ်ဗျား အစိုးရရဲ့ လုပ်ဆောင်ချက်တွေဟာ နိုင်ငံတကာ စံထားချက် အားလုံးကို လုံးဝချိုးဖေါက်ရာ ရောက်တယ်လို့ ပြောကြားပါတယ်။

ဗြိတိန်အနေနဲ့လည်း ဗိုလ်မှူးကြီးကဒါဖီရဲ့ သံတမန်တွေနဲ့ သူ့မိသားစုနဲ့ ပတ်သက်တာ မှန်သမျှကို အကာအကွယ် မပေးတော့ဘူးလို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဝီလီယံ ဟိတ်က ပြောပါတယ်။ လစ်ဗျားခေါင်းဆောင်အနေနဲ့ ရာထူးက ဆင်းဖို့ အချိန်တန်ပြီ ဖြစ်တယ်လို့ လည်း မစ္စတာ ဟိတ်ကပြောပါတယ်။

အခုလို အကြမ်းဖက်မှုတွေကြောင့် လစ်ဗျားနိုင်ငံကနေ လူပေါင်း ၁ သိန်းလောက်ဟာ ပြီးခဲ့တဲ့ အပတ်က အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးလာကြတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်ဆီ အဖွဲ့က ပြောပါတယ်။

ထွက်ပြေးလာကြသူအများစုကတော့ အိမ်နီးချင်း အီဂျစ်နဲ့ တူနီရှား နိုင်ငံတို့က လာရောက် အလုပ်လုပ်ကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

တူနီးရှားနယ်စပ်မှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက် ပြောတာကတော့ လစ်ဗျားမှာ အီဂျစ် ကနေ လာရောက် အလုပ်လုပ်နေသူတွေဟာ တူနီးရှား နိုင်ငံထဲကို အဆက် မပြတ် ဝင်ရောက် လာနေတဲ့အတွက် အဲဒီမှာ ပို့ဆောင်ရေးနဲ့ လူမှုအကူအညီပေးရေး အတွက် အခက်အခဲတွေ ရှိနေတယ်လို့ ပြောပါတယ်။

ယာဉ်အသွားအလာများလို့ လမ်းတွေပိတ်ဆို့နေကာ၊ လူတွေဟာလည်း အဆက်မပြတ် ထပ်ပြီး ရောက်လာနေကြတယ်လို့ ဆိုပါတယ်။ အညစ်အကြေးစွန့်ဖို့အတွက် စနစ်တကျ စီစဉ်ထားတာ မျိုးလည်း မရှိပဲဖြစ်နေပါတယ်။

တူနီရှားစစ်တပ်ကတော့ ယာယီရွက်ဖျင်တဲ စခန်းတွေ ထိုးပေးဖို့ ရည်ရွယ်ထားပေမယ့် ဒါဟာ အချိန်အတော်ယူရဦးမှာ ဖြစ်ပါတယ်။